၂၃ အောက်တိုဘာ၊ ၂၀၂၄
ဖားကန့်အခြေစိုက်သတင်းထောက်နှစ်ဦးဖြစ်တဲ့ Red News Agency က ကိုတာလင်းမောင်နဲ့ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ကို စက်တင်ဘာလကတည်းက ဖမ်းဆီးထားပြီး အခုချိန်ထိ ပြန်မလွှတ် ပေးသေးတဲ့အတွက် Committee to Protect Journalists နဲ့ Independent Myanmar Journalists Association တို့က အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကိုတာလင်းမောင် ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် – KIA တပ်ဖွဲ့ ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးကို ဖားကန့်တိုက်နယ် KIA တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၃၀ ရက်မှာ ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးထားတဲ့ သတင်းထောက် ၂ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အခုချိန်ထိ သိရှိရ ခြင်းမရှိသေးဘဲ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိ ရပါတယ်။
Red News Agency သတင်းထောက် ကိုတာလင်းမောင်နဲ့အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ဟာ သတင်းကျင့်ဝတ်နဲ့အညီ သတင်းတွေကို ရေးသားဖော်ထုတ် တင်ဆက်နေတဲ့ သတင်းထောက်တွေ ဖြစ်ပြီး အခုလို ဖမ်းဆီးခံရပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက်နေတဲ့အပေါ် အထူးစိုးရိမ်နေတယ်လို့ လွတ် လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က ဆိုပါတယ်။
“သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စါာ ပြောဆိုခွင့်၊ သတင်းရယူပိုင်ခွင့်တွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့် တွေလိုပဲ ဒီမိုကရေစီရဲ့ အသက်သွေးကြောတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားဖြစ်တဲ့ KIA အနေနဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို လေးစားပြီး လွတ်လပ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဖမ်းဆီးထိန်း သိမ်းထားတဲ့ သတင်းထောက် ၂ ယောက်ကို ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။ စစ်အာဏာရှင် တွေ လျောက်တဲ့ လမ်းကို လိုက်မလျောက်ဖို့ မျှော်လင့်ပါတယ်။”လို့ IMJA ဥက္ကဌ ဦးကျော်ကျော်မင်းက New Day Myanmar ကို ပြောပါတယ်။
Committee to Protect Journalists ရဲ့ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က
“မြန်မာပြည်တွင်းစစ်မှာ တိုက်ပွဲဝင်သူတိုင်းဟာ ဂျာနယ်လစ်တွေကို ပစ်မှတ်မထားဘဲ ကာကွယ်ပေးဖို့ တာဝန်ရှိ ပါတယ်။မြန်မာစစ်တပ်လိုမျိုး သတင်းယူတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတဲ့လုပ်ရပ်တွေ ကချင်လွတ်လပ် ရေးတပ်မတော်က မလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်” လို့ ပြောဆိုပါ တယ်။
“ကျနော်တို့ကတော့ ကိုတာလင်းမောင်ကော ကိုနောင်ရိုးကော ၂ ယောက်လုံးကို ချက်ချင်းလွှတ် ပေးဖို့ တောင်း ဆိုပါတယ်။ ကျနော်တို့ သတင်းထောက် ကိုတာလင်းမောင်ကောကိုနောင်ရိုးကောက ဒေသတွင်း သတင်းမှန် တွေကို တင်ဆက်နေသူတွေ ရေးသားနေသူတွေဖြစ်ပါတယ်။ KIA အနေနဲ့လည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လေးစားဖို့လိုပါတယ်။ စစ်ကောင်စီလို သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တာ တားဆီးတာမျိုးတွေ မလုပ် သင့်ပါဘူး။ အပြုသဘောဆောင်ပြီး ကျနော်တို့ စောင့်နေပါသေးတယ်။ အခုက ရက်တွေလည်းကြာလာပြီး စိုးရိမ် ရတဲ့အနေအထားဖြစ်တယ်။ ကျနော်တို့ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအတွက် စိုးရိမ်ပါတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးပါ။”လို့ Red News Agency က အယ်ဒီတာ ဦးဝင်းဇော်နိုင်က New Day Myanmar ကို ပြောပါ တယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်နှစ်ဦးရဲ့ အခြေအနေနဲ့ ထိန်းသိမ်း ထားတဲ့ နေရာနဲ့ပတ်သတ်ပြီး မေးမြန်းမှုတွေကို KIA မှ အောက်တိုဘာ ၂၂ ရက်အထိ ဖြေကြားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
KIA ပြောရေးဆိုခွင့်ရှိသူနှစ်ဦးထံက မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့ CPJ ရဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတိုပေးပို့မှုတွေ ကိုလည်း ဖြေကြားခြင်းမရှိသေးဘူးလို့သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ CPJ ရဲ့ ကောက်ယူထားတဲ့ စာရင်းဇယားတွေအရ အကျဉ်းကျခံနေရတဲ့ ဂျာနယ်လစ် ၄၃ ဦးရှိနေပြီး ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အကျဉ်းချတဲ့ဒုတိယအဆိုးဆုံးနိုင်ငံနေရာမှာ ရှိနေပါတယ်။
Photo – CPJ