၂၀ အောက်တိုဘာ၊ ၂၀၂၄
မြန်မာနိုင်ငံမှာ လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေပြီး အခက်အခဲတွေ ကြုံတွေ့နေရတာဟာ စစ်အာဏာရှင်ကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုပါတယ်။
သူက အောက်တိုဘာ ၁၇ ရက်နေ့က ကုလသမဂ္ဂ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံ၊ ဒုတိယကော်မတီရဲ့မှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းက ပြောတဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၅ နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး လူဦးရေ ထက်ဝက်နီးပါးက ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်းအောက်မှာ နေထိုင်နေရကြောင်း၊ မြန်မာပြည်သူတွေ စားနပ်ရိက္ခာ မလုံလောက်တာအပြင် အမျိုးမျိုးသော အခက်အခဲတွေကိုလည်း ကြုံနေရတာအတွက် အဓိက တရားခံက စစ်အာဏာရှင်ပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာပြည်သူတွေအတွက် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် နိုင်ငံတကာက ထိရောက်မြင်သာတဲ့ ကူညီမှုတွေ ပံ့ပိုးပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။
မြန်မာကလေးငယ်တွေထဲက ၅၅ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး ၂၀၂၄ ခုနှစ်မှာ ကလေးငယ် ၅ သိန်းနီးပါးဟာ အလွန်အမင်း အာဟာရချို့တဲ့မှုကို ခံစားရနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒါဟာ မနှစ်ကထက် ၅၄ ရာခိုင်နှုန်းတောင် မြင့်တက်လာတာဖြစ်ပြီး ဝင်ငွေနည်းလာတာနဲ့ ဝငိ်ငွေရရှိဖို့ခက်ခဲတာဟာ မိသားစုတွေ အတွက် ကျန်းမာရေး၊ပညာရေးအသုံးစရိတ်တွေ လျော့ချရတာကြောင့် အနုတ်လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေဟာ ပညာရေးအတွက် အသုံးစရိတ် ၂ ရာခိုင်နှုန်းပဲ သုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ကျဆင်းမှုဟာ မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်အသစ်တွေအတွက် ရေရှည်သက်ရောက်မှု ဖြစ်စေမှာ ဖြစ်ပြီး “Leaving no one behind” ဆိုတဲ့ ရည်မှန်းချက်ကို ထိခိုက်စေမယ်လို့ ကုလ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုသွားတယ်လို့ ထုတ်ပြန်ပါတယ်။
Photo – Permanent Mission of Myanmar to the United Nations