Homeပြည်တွင်းသတင်းလားရှိုးမြို့ကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

လားရှိုးမြို့ကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

၉ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ကို စက်တင်ဘာ ၉ ရက် ဒီနေ့ မနက် ၁၀ နာရီ၂၅ မိနစ်က စပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မနက် ၁၀နာရီ ၂၅ မိနစ်နဲ့ မနက် ၁၀နာရီ ၃၃ မိနစ်တို့မှာ တိုက်လေယာဉ် ၂ စီးနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံး နဲ့ ဗျူဟာလမ်းအောက်ဖက်တို့ကို ဗုံးကြဲချတာ ဖြစ်ပြီး လူထိခိုက်မှုရှိကြောင်း လားရှိုးမြို့ခံတွေက ဆိုပါ တယ်။

” ရပ်ကွက် ၉ နဲ့ ရပ်ကွက် ၁၀ ဘက်ကိုလည်း လေယာဉ် ဝဲနေတယ်ပြောတယ်။ နေ့လည် ၁၁ နာရီကျော်ထိ လားရှိုးမြို့ပေါ် လေယာဉ် ၂ စီး ဝဲနေတုန်းပဲ။ ပထမတကြိမ်ချတာက ထွေအုပ်ရုံးကို တစ်လုံး၊ ဗျူဟာလမ်း သီလရှင်ကျောင်းနား တဝိုက် တစ်လုံးကျထားတယ်။ လူတွေလဲ ထိထားတယ်လို့ ပြောတယ်။ အတိအကျတော့မသိသေးပါဘူး” လို့ လားရှိုးမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီလေတပ်ဟာ စက်တင်ဘာလ ၈ ရက် မနက် ၄ နာရီကလည်း ကိုးကန့်ဘက်က အရာရှိကြီးများနဲ့ နိုင်ငံရေးအကျဉ်းသားများ ထားရှိတယ်လို့ သတင်းများ ထွက်ပေါ်နေတဲ့ Silver Sky Hotel ကို ဗုံးကြဲချထားသလို ခိုးယူခံထားရတဲ့ ကားတွေကို ပိုင်ရှင်ပြည်သူတွေဆီ ပြန်အပ်ဖို့ သိမ်းဆည်းထားတဲ့ နေရာဖြစ်တဲ့ ပြည်ထောင်စု အားကစားကွင်းကိုလည်း ဗုံးကြဲချထားပါတယ်။

ရပ်ထားတဲ့ ကားတွေထဲကက ကုန်တင်ကား ၄ စီးနဲ့ အိမ်စီးကား ၁၅ စီးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ ၃၀ ရက်၊ စက်တင်ဘာ ၈ ရက်နဲ့ စက်တင်ဘာ ၉ ရက် ၊ စုစုပေါင်း ၁၁ ရက်အတွင်း လေကြောင်းက ၃ ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၆ ရက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ခမ်းနဲ့ နောင်ချိုဘက်ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၁၃ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ပွဲမရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ကျူးလွန်နေတာဟာ ရိုင်းစိုင်းပြီး လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ MNDAA က ထုတ်ဖော်ပြောဆိုထားပါတယ်။

ပုံစာ – ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲချတိုက်ခိုက်စဉ် Photo – Freedom Youth Volunteers-FYV

ဆက်စပ် သတင်းများ

Most read