Homeပြည်တွင်းသတင်းဧရာဝတီတိုင်းက ရေဘေးဒုက္ခသည် ၃၅၀၀၀ ကို WFP စားနပ်ရိက္ခာ ကူညီ

ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည် ၃၅၀၀၀ ကို WFP စားနပ်ရိက္ခာ ကူညီ

၂၇ ဩဂုတ်၊ ၂၀၂၄

ရေကြီး ရေလျှံမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်းဒေသကြီးက ရေဘေးသင့်ပြည်သူ ၃၅၀၀၀ အတွက် ဆန်နဲ့ အားဖြည့်ဘီစကစ်တွေ ဝေမျှ ကူညီပေးသွားမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ် WFP က ကြေညာလိုက်ပါတယ်။

ဒီဒေသက မိခင်နဲ့ ကလေးတွေအတွက် အာဟာရချို့တဲ့မှုက ကာကွယ် ဖို့အတွက်လည်း ထောက်ပံ့သွား မှာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ စပါးကျီလို့ လူသိများတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ရာသီဥတုကြောင့် ရေကြီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရပါတယ်။ ရေကြီးထားတာကြောင့်လည်း မုတ်သုန်စပါး ထွက်တာလျော့သွား နိုင် ပါတယ်။ ဒီတော့ လယ်သမားတွေအတွက် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာနိုင်ပါတယ်။ WFP အနေနဲ့ စားနပ်ရိက္ခာပြတ်လပ်တာကို လျော့ပါးစေဖို့ ကူညီမှုတွေ အမြန်လုပ်ဆောင်သွားမှာပါ” လို့ မြန်မာနိုင်ငံ WFP ကိုယ်စားလှယ် Sheela Matthew က ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေ မဖြစ်ခင်ကတည်းက ဧရာဝတီတိုင်းကလူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၅ သန်းဟာ လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ လူသား ချင်းစာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်ရေးစီမံချက် ၂၀၂၄ စစ်တမ်းတွေအရ သိရပါတယ်။

WFP မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ကနဦးအစီရင်ခံစာတွေအရ ဧရာဝတီတိုင်းမှာ ရေကြီးမှုကြောင့် လယ်မြေဧက သိန်းနဲ့ချီ ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုးရွားဆုံး ဒေသတွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ မိလ္လာစနစ်တို့ပါ ပျက်စီးကုန်တယ်လို့ ဖော်ပြထားပါတယ်။ အခုအကူအညီဟာ ဧရာဝတီတိုင်းဒေသကြီးမှာ WFP ရဲ့ ၉ နှစ်အတွင်း ပထမဆုံးအကူအညီ ဖြစ်ပါတယ်။

၂၀၁၅ ရေကြီးတုန်းက WFP က နောက်ဆုံးအကူအညီပေးခဲ့တာ ဖြစ်ပါတယ်။ ပဲခူး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ရေဘေးဒုက္ခသည် ၁၃၀,၀၀၀ ကျော်ကို ကူညီထားကြောင်း WFP က ဆိုပါတယ်။

ရခိုင်ဒေသက ရေဘေးဒုက္ခသည်တွေကိုလည်း ကူညီနိုင်ဖို့ WFP က ကြိုးစားနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။

ပုံစာ – (ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေကို WFP သွားရောက်ကူညီစဉ် )

photo – WFP

ဆက်စပ် သတင်းများ

Most read