Homeပြည်တွင်းသတင်းကလေး-တမူးလမ်းပိုင်း အခြေအနေကြောင့် အိန္ဒိယက ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းဖို့ ခက်ခဲနေ

ကလေး-တမူးလမ်းပိုင်း အခြေအနေကြောင့် အိန္ဒိယက ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းဖို့ ခက်ခဲနေ

၂၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

ကလေး-တမူးလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်က ဝင်ရောက်လာတဲ့ နိုင်ငံခြားဆေးနဲ့ ဆေးပစ္စည်းတွေ ပြည်တွင်းကို ယခင်လို အလွယ်တကူ ပြန်မဝင်နိုင်သေးဘူးလို့ နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“အခု လမ်းပိုင်းမှာ တိုက်ပွဲက ဖြစ်နေသေးတယ်။ လောလောဆယ် ဘယ်ကုန်သည်မှ မသွင်းရဲဘူး။ သွင်းလာရင်လည်း တပ်က စစ်ဆေးတာတစ်မျိုး၊ လက်နက်ကိုင်အဖွဲ့တွေက စစ်ဆေးတာတစ်မျိုးကြောင့် ကိုယ့်ငွေနဲ့ကိုယ် ခေါင်းကိုက်မယ့်အလုပ် မလုပ်ကြတော့တာ။ အခု လမ်းပိုင်းအခြေအနေကိုတော့ စောင့်ကြည့်နေရတာပေါ့။ ဆေးဝါးမှမဟုတ်ဘူး၊ အိန္ဒိယသွင်းကုန် ဘယ်ကုန်မှ ရဲရဲမသွင်းကြသေးတာ” လို့ ကုန်သည်တစ်ဦးက ရှင်းပြပါတယ်။

လမ်းပိုင်းရှိ နေရာအများစုကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပေမယ့် လက်ရှိအချိန်အထိ တောလမ်းတွေကို အသုံးပြုပြီး သွားလာနေရတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုတွေ ပုံမှန်အတိုင်း မဖြစ်သေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လွတ်လပ်စွာ ကုန်သွယ်လို့မရတာကြောင့် ဆေးနဲ့ ဆေးပစ္စည်းတွေသာမက အိန္ဒိယနဲ့ ပုံမှန်ကုန်သွယ်နေတဲ့ ကုန်ပစ္စည်းအများစုကို မန္တလေးဘက်အထိ လွယ်လွယ်ကူကူ သယ်ယူလာနိုင်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒီလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အိန္ဒိယက အဓိကတင်သွင်းနေရတဲ့ နိုင်ငံခြားဆေးနဲ့ ဆေးပစ္စည်းတွေ ဈေးကွက်ထဲကို ပုံမှန်မဝင်ရောက်နိုင်သေးဘဲ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် လက်ကျန်ပစ္စည်းနည်းလာတာနဲ့အမျှ ဆေးနဲ့ ဆေးပစ္စည်းဈေးနှုန်းတွေကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Related News

Most Read