Homeပြည်တွင်းသတင်းYBS ကားခတက်မယ့်သတင်း ပယ်ဖျက်ပေမယ့် အောက်ဆိုက်ကားခနဲ့ ကုန်ဈေးနှုန်းတွေ ပြန်မဆင်း

YBS ကားခတက်မယ့်သတင်း ပယ်ဖျက်ပေမယ့် အောက်ဆိုက်ကားခနဲ့ ကုန်ဈေးနှုန်းတွေ ပြန်မဆင်း

ဩဂုတ် ၁၈၊ ၂၀၂၆ | New Day Myanmar

YBS ယာဉ်စီးခတွေ စက်တင်ဘာ ၁ ရက်ကစပြီး တိုးကောက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင်း အောက်ဆိုက်ကားခတွေ အနည်းငယ်မြင့်တက်လာခဲ့ကာ YBS ဘက်က နောက်ပိုင်းမှာ ဈေးမတက်တော့ဘူးလို့ ပြန်လည်ကြေညာခဲ့ပေမယ့် တက်သွားတဲ့ အောက်ဆိုက်ကားခတွေကတော့ အရင်ဈေးအတိုင်း ပြန်မကျသေးဘူးလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTC) က ဩဂုတ် ၁၄ ရက်မှာ YBS ယာဉ်စီးခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး တိုးကောက်မယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဩဂုတ် ၁၆ ရက်မှာတော့ မူလထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။

ဒါပေမယ့် YBS ကားခတက်မယ့်သတင်း ထွက်လာပြီး နောက်တစ်ရက်ဖြစ်တဲ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်းကစပြီး ရန်ကုန်မြို့တွင်းမှာ အောက်ဆိုက်ကားခတွေ လိုက်တက်လာတာတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတွေရဲ့ ပြောဆိုချက်အရ ပန်းဆိုးတန်း-သာကေတ လမ်းကြောင်းမှာ စူပါကာစတန်ယာဉ်ခဟာ အရင်နေ့ဘက် ကျပ် ၁,၀၀၀ ကနေ ကျပ် ၁,၅၀၀ ဖြစ်လာပြီး ညဘက်မှာ အရင် ကျပ် ၁,၅၀၀ ကနေ ကျပ် ၂,၀၀၀ အထိ တက်လာပါတယ်။

ဆူးလေ-မြောက်ဥက္ကလာပ လမ်းကြောင်းမှာတော့ နေ့ဘက်ယာဉ်ခ အရင် ကျပ် ၂,၀၀၀ ကနေ ကျပ် ၂,၅၀၀ ဖြစ်လာပြီး ညဘက်မှာ ကျပ် ၃,၀၀၀ ကနေ ကျပ် ၅,၀၀၀ အထိ ပေးရတာတွေ ရှိတယ်လို့ သိရပါတယ်။

ပန်းဆိုးတန်း-ဒဂုံဆိပ်ကမ်း လမ်းကြောင်းမှာလည်း နေ့ဘက်စူပါကာစတန်ယာဉ်ခက ကျပ် ၂,၅၀၀ ဝန်းကျင်ကနေ ကျပ် ၃,၀၀၀ အထိ တက်လာပြီး ညဘက်မှာ ကျပ် ၃,၅၀၀ ကနေ ကျပ် ၅,၀၀၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဘေးတွဲယာဉ်စီးခတွေလည်း အရင် ကျပ် ၂,၀၀၀ ဝန်းကျင်ကနေ ကျပ် ၃,၀၀၀ အထိ တက်လာတဲ့ နေရာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိ YBS ယာဉ်တွေမှာတော့ ယာဉ်စီးခ ကျပ် ၄၀၀ ပုံမှန်ကောက်ခံနေဆဲဖြစ်ပြီး အကြွေမရှိတဲ့အခါ ကျပ် ၅၀၀ ထည့်စီးရတာတွေ ရှိတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ YPS ကတ်နဲ့ ပေးချေရင်တော့ ခရီးစဉ်တချို့မှာ ကျပ် ၃၅၀ သာ ကောက်ခံနေဆဲ ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာနဲ့အတူ ရပ်ကွက်ဈေးကွက်တွေမှာ အခြေခံစားသောက်ကုန်တချို့လည်း အနည်းငယ်ဈေးတက်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆန်တစ်ပြည်ကို အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ ကနေ ကျပ် ၄၀၀ ဝန်းကျင်အထိ တက်လာတာတွေ ရှိတယ်လို့ သိရပါတယ်။

“ဆန်က အရင် တစ်ပြည် ၈,၀၀၀ တန်က ၈,၄၀၀ ဖြစ်သွားတယ်။ ပြောရမယ်ဆို အခြေခံစားကုန်တွေ ဈေးတက်နေပါတယ်ဆိုမှ YBS ကိစ္စကြောင့် အခု ဈေးတွေနည်းနည်း ထပ်တက်သွားတယ်။ ဒါမျိုးကို သက်ဆိုင်တဲ့သူတွေက ကြပ်မတ်ရမှာ။ အခုဟာက သူတို့လုပ်ချင်သလိုလုပ်ပြီး အောက်ခြေကို မကြပ်မတ်ပေးတော့ ပြည်သူပဲ ဝန်ထုပ်ဝန်ပိုးပိတာပေါ့” လို့ ရန်ကုန်မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

YRTC ဘက်က YBS ယာဉ်စီးခတွေ မတိုးတော့ဘူးလို့ ပြန်လည်ရှင်းလင်းပြီး မူလထုတ်ပြန်ချက်ကို ပယ်ဖျက်ထားပေမယ့် အဲဒီသတင်းကြောင့် တက်သွားခဲ့တဲ့ အောက်ဆိုက်ကားခတွေနဲ့ အခြေခံကုန်ဈေးနှုန်းတချို့ကတော့ ပြန်မဆင်းသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

အဲဒီအတွက် YBS ကားခတိုးမယ့် ကြေညာချက်ဟာ ရက်ပိုင်းအတွင်း ပြန်လည်ပယ်ဖျက်ခဲ့ပေမယ့် အဲဒီသတင်းရဲ့ ဂယက်ကတော့ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်နဲ့ နေ့စဉ်စားဝတ်နေရေးစရိတ်တွေအပေါ် ဆက်လက်သက်ရောက်နေဆဲ ဖြစ်ပါတယ်။

Related News

Most Read