Homeပြည်တွင်းသတင်းမင်းအောင်လှိုင်ကို ဖမ်းဝရမ်းတောင်းခဲ့တဲ့ ICC ရှေ့နေချုပ် ရာထူးကနေ ထုတ်ပယ်ခံရသော်လည်း ၀ရမ်းလျှောက်ထားမှုပျက်ပြယ်မည်မဟုတ်

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းတောင်းခဲ့တဲ့ ICC ရှေ့နေချုပ် ရာထူးကနေ ထုတ်ပယ်ခံရသော်လည်း ၀ရမ်းလျှောက်ထားမှုပျက်ပြယ်မည်မဟုတ်

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ပြုမူမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကာရင်ခန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ လျှို့ဝှက်မဲပေးခဲ့ရာ ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံအနက် ၈၂ နိုင်ငံက ကာရင်ခန်းကို ရာထူးကနေ ဖယ်ရှားဖို့ ထောက်ခံမဲပေးခဲ့ပါတယ်။ ကန့်ကွက်မဲ ၁၃ မဲနဲ့ ကြားနေမဲ ၁၁ မဲရှိခဲ့တယ်လို့ သိရပါတယ်။

ICC ရဲ့ ၂၄ နှစ်ကြာသမိုင်းမှာ တာဝန်ထမ်းဆောင်နေဆဲ ရှေ့နေချုပ်တဦးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့မဲနဲ့ ရာထူးကနေ ဖယ်ရှားတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ကာရင်ခန်းဟာ ICC မှာ အငယ်တန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတဦးနဲ့ သဘောတူညီမှုမရှိဘဲ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ၂၀၂၄ ခုနှစ်ကတည်းက ရင်ဆိုင်နေရတာပါ။

ICC အမှုဆောင်ဗျူရိုက ဒီဖြစ်စဉ်ကို စုံစမ်းပြီးနောက် ကာရင်ခန်းဟာ ကြီးလေးတဲ့ မလျော်ကန်မှုနဲ့ တာဝန်ပျက်ကွက်မှု ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ကာ ရာထူးကနေ ဖယ်ရှားဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အကြံပြုခဲ့ပါတယ်။

ကာရင်ခန်းကတော့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတစုံတရာရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ရာထူးကနေ ဖယ်ရှားတဲ့လုပ်ငန်းစဉ်ဟာ တရားမျှတမှုမရှိသလို ဥပဒေနဲ့မညီဘူးလို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြောပြီး ဆုံးဖြတ်ချက်ကို ဥပဒေနည်းလမ်းအားလုံးနဲ့ စိန်ခေါ်သွားမယ်လို့ ဆိုပါတယ်။

ကာရင်ခန်းဟာ ၂၀၂၁ ခုနှစ်မှာ ICC ရှေ့နေချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေအပေါ် ဖမ်းဝရမ်းလျှောက်ထားခဲ့တာကြောင့် ထင်ရှားခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်ဆိုပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားသူကြီးတွေဆီ ကာရင်ခန်းက လျှောက်ထားခဲ့ပါတယ်။

အဲဒီလျှောက်ထားချက်ကို ICC တရားသူကြီးတွေက အဆုံးအဖြတ်ပေးရမှာဖြစ်ပြီး ကာရင်ခန်း ရာထူးကနေ ထုတ်ပယ်ခံရတာကြောင့် ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ICC ရဲ့ လက်ရှိစုံစမ်းစစ်ဆေးမှုတွေနဲ့ ထုတ်ပြန်ထားပြီးသား ဖမ်းဝရမ်းတွေဟာလည်း ဆက်လက်အသက်ဝင်နေမှာ ဖြစ်ပါတယ်။

ကာရင်ခန်းကို ထုတ်ပယ်လိုက်တာနဲ့အတူ ICC ရှေ့နေချုပ်အသစ် ရွေးချယ်ရေးလုပ်ငန်းစဉ် စတင်မှာဖြစ်ပြီး ရှေ့နေချုပ်အသစ်ကို ၂၀၂၇ ခုနှစ်မတိုင်ခင် ရွေးချယ်နိုင်ဖွယ်မရှိသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

Related News

Most Read