၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဇာတ်မင်းသား အောင်ဇဗ္ဗူနဲ့ စမ်းရေမိုးတို့အပါအဝင် လူငယ်အနုပညာရှင်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်က တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံတခုမှာ ပေါက်ကိုယ်တော်က စစ်မှုထမ်းဖို့ အကျုံးမဝင်သူတွေကို လိုက်လံဖမ်းဆီးနေကြပေမယ့် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အနုပညာရှင်တွေကိုတော့ မခေါ်ယူရဲကြဘူးလို့ ဝေဖန်ခဲ့တာပါ။
“ဇာတ်သဘင်လောကကဟာတွေ ဘာတွေအကျိုးပြုပြီးပြီလဲ။ ခေါ်စမ်းပါ စစ်မှုထမ်း။ ဆင့်စာနဲ့သာခေါ်၊ ခင်ဗျားတို့ကို အကြိမ်ကြိမ်သာဓုခေါ်မယ်ဗျာ။ အောင်ဇဗ္ဗူလည်း စစ်မှုထမ်းရမယ်၊ စမ်းရေမိုးလည်း စစ်မှုထမ်းရမယ်၊ ခင်လှိုင့်သားလည်း စစ်မှုထမ်းရမယ်။ ဘာတွေမို့လို့လဲ” လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။
သရုပ်ဆောင် ခင်လှိုင့်ရဲ့သား နေရဲနဲ့ တခြားအနုပညာရှင်မိသားစုဝင်တွေကိုလည်း စစ်မှုထမ်းဆင့်ခေါ်သင့်တယ်လို့ သူက နာမည်တပ်ပြောခဲ့ပါတယ်။
“ခင်လှိုင့်သား နေရဲတို့၊ သားနှစ်ယောက်ရှိတယ်ဗျာ၊ ခေါ်စမ်း။ ကိုကိုဦးသားတွေ ခေါ်စမ်း။ ရုပ်ရှင်မှာ အားကောင်းမောင်းသန်တွေ အများကြီးပါ။ ဘယ်လူကြီးဆင့်ခေါ်ရဲလဲ။ ခေါ်ရဲတဲ့လူကြီး ကျုပ်ကိုပြောစမ်းပါဗျာ၊ ချီးကျူးမယ်ဗျာ” လို့ ပေါက်ကိုယ်တော်က ဆိုပါတယ်။
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အနုပညာရှင်တွေကို ဆင့်ခေါ်ရဲမှာမဟုတ်သလို ဆင့်ခေါ်တဲ့ အုပ်ချုပ်ရေးမှူးဟာလည်း ရာထူးကနေ ပြုတ်သွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပေါက်ကိုယ်တော်ဟာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အောင်ဇဗ္ဗူ၊ စမ်းရေမိုးနဲ့ ဖိုးချစ်တို့ရဲ့ ဇာတ်ပွဲတွေကို လာကြည့်တဲ့ ပရိသတ်တွေထဲက စစ်မှုထမ်းအရွယ်လူငယ်တွေကို တရားဝင်ခွင့်ပြုချက်ပေးရင် သူကိုယ်တိုင် ဖမ်းဆီးပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။
အောင်ဇဗ္ဗူဟာ မကြာသေးခင်က စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခင်ရီရဲ့ ဖိတ်ကြားချက်နဲ့ ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။
စမ်းရေမိုးကတော့ မန္တလေးသိန်းဇော် ဖန်တီးထားတဲ့ “ဆဒ္ဒန်ဆင်မင်း” ဇာတ်တော်ကို ကပြပြီး အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာနဲ့ပတ်သက်လို့ မန္တလေးသိန်းဇော်ဘက်က ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။


