Homeပြည်တွင်းသတင်းဒုက္ခသည်အသစ်တွေ မှတ်ပုံတင်တာ ယာယီရပ်ဖို့ UNHCR ကို မလေးရှားညွှန်ကြား၊ မြန်မာနိုင်ငံသား ၅,၀၀၀ ပြန်ပို့ဖို့စီစဉ်

ဒုက္ခသည်အသစ်တွေ မှတ်ပုံတင်တာ ယာယီရပ်ဖို့ UNHCR ကို မလေးရှားညွှန်ကြား၊ မြန်မာနိုင်ငံသား ၅,၀၀၀ ပြန်ပို့ဖို့စီစဉ်

၂၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မလေးရှားနိုင်ငံမှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူအသစ်တွေ မှတ်ပုံတင်ပေးနေတာ ယာယီရပ်ဆိုင်းဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို မလေးရှားအစိုးရက ညွှန်ကြားလိုက်ပါတယ်။

မလေးရှားအစိုးရကိုယ်တိုင် ကြီးကြပ်မယ့် Refugee Registration Document (DPP) ဒုက္ခသည်မှတ်ပုံတင်စနစ်ကို ပြန်လည်ဖွဲ့စည်းနေချိန်မှာ UNHCR ရဲ့ မှတ်ပုံတင်မှုတွေ ယာယီရပ်ထားဖို့ ဝန်ကြီးအဖွဲ့က ဆုံးဖြတ်ခဲ့တာလို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး လူကာနစ္စမန် အာဝမ်ဆော်နီက ဇူလိုင် ၂၃ ရက် အထက်လွှတ်တော်မှာ ပြောပါတယ်။

“DPP ကနေတဆင့် အစိုးရဟာ ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအပေါ် လုံးဝမှီခိုစရာမလိုဘဲ အချက်အလက်ညှိနှိုင်းတာ၊ အထောက်အထားစိစစ်တာ၊ စောင့်ကြည့်တာနဲ့ စည်းမျဉ်းသတ်မှတ်တာတွေကို ပိုမိုစနစ်တကျ စီမံနိုင်မှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ UNHCR ရဲ့ မှတ်ပုံတင်မှုကို ဘယ်နေ့ကစပြီး ရပ်ဆိုင်းမလဲ၊ ဘယ်လောက်ကြာမလဲနဲ့ လက်ရှိစောင့်ဆိုင်းနေတဲ့ မှတ်ပုံတင်လျှောက်ထားသူတွေကို ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ မလေးရှားအစိုးရက ရှင်းလင်းမထားသေးပါဘူး။

မလေးရှားအစိုးရဟာ DPP စနစ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ စတင်ခဲ့ပြီး ပထမအဆင့်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို မှတ်ပုံတင်နေပါတယ်။ ဇူလိုင်လအစောပိုင်းအထိ လူ ၄,၀၁၀ ခန့် မှတ်ပုံတင်ထားပြီး အဲဒီထဲက ရိုဟင်ဂျာ ၇၈ ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။

ဒုတိယအဆင့်မှာ UNHCR ကတ်ကိုင်ဆောင်ထားသူတွေကို အစိုးရရဲ့ DPP စနစ်ထဲ ပြန်လည်မှတ်ပုံတင်ဖို့ စီစဉ်ထားပြီး ၂၀၂၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။ စိစစ်အတည်ပြုခံရသူတွေကို မလေးရှားနိုင်ငံမှာ ယာယီနေထိုင်ခွင့်ပေးမယ့် DPP ကတ် ထုတ်ပေးမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီလကုန်အထိ UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၁၅,၆၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။

မလေးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် ဒုက္ခသည်တွေဟာ တရားဝင်အလုပ်လုပ်ခွင့်နဲ့ အစိုးရပညာရေးစနစ်ကို တက်ရောက်ခွင့်တွေ ယေဘုယျအားဖြင့် မရရှိကြပါဘူး။

UNHCR ရဲ့ မှတ်ပုံတင်မှုတွေ ရပ်ဆိုင်းထားချိန်မှာ အဖွဲ့အနေနဲ့ နေရပ်ပြန်ဖို့မဖြစ်နိုင်တဲ့ ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ ပြန်လည်နေရာချထားရေး အဓိကလုပ်ဆောင်နိုင်မယ်လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။ UNHCR နဲ့ ပုံမှန်ဆွေးနွေးပူးပေါင်းမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

UNHCR ကတော့ DPP စနစ်ဟာ နိုင်ငံတော်က ဦးဆောင်ပြီး ဒုက္ခသည်ကာကွယ်စောင့်ရှောက်ရေးကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်နိုင်ဖို့ အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ ဆိုထားပေမဲ့ မှတ်ပုံတင်မှု ယာယီရပ်ဆိုင်းခိုင်းတဲ့ ဆုံးဖြတ်ချက်အပေါ် ချက်ချင်းတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။

တဖက်မှာလည်း မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို ရေတပ်သင်္ဘောတွေနဲ့ မြန်မာနိုင်ငံဆီ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ မြန်မာဘက်က လက်ခံဖို့ သဘောတူပြီး လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ပြီးစီးမှသာ ပြန်ပို့မှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ဆောင်ရွက်မလဲဆိုတာ မပြောသေးပါဘူး။

ပြန်ပို့မယ့်သူတွေထဲမှာ UNHCR မှတ်ပုံတင်ထားသူ၊ ခိုလှုံခွင့်တောင်းခံထားသူ ဒါမှမဟုတ် မြန်မာနိုင်ငံပြန်ရင် အန္တရာယ်ရှိနိုင်သူတွေ ပါဝင်သလားဆိုတာလည်း ရှင်းလင်းမထားပါဘူး။

မလေးရှားအစိုးရဟာ ၂၀၂၁ ခုနှစ်က တရားရုံးရဲ့ တားမြစ်အမိန့်ရှိနေချိန်မှာပဲ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို ပြန်ပို့ခဲ့ဖူးပြီး အဲဒီအထဲမှာ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ UNHCR မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တွေ ပါဝင်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

Related News

Most Read