၁၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရှိ Bontech အထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ဆက်တိုက်အလုပ်ထုတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
အလုပ်သမားတွေရဲ့ ပြောကြားချက်အရ ဇူလိုင် ၁၆ ရက်မှာ Bontech အခြေခံအလုပ်သမားသမဂ္ဂရဲ့ အတွင်းရေးမှူးကို HR ဌာနက အလုပ်ထုတ်စာထုတ်ပြန်ပြီး အလုပ်မှထုတ်ပယ်ခဲ့ရာ အဲဒီရက်ပိုင်းအတွင်း HR ဌာနရဲ့ လက်မှတ်နဲ့ တိုက်ရိုက်အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင် သုံးဦးမြောက် ဖြစ်လာခဲ့ပါတယ်။
အလုပ်သမားတွေကတော့ လတ်တလော ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ပြီးနောက် စက်ရုံဘက်က သမဂ္ဂအဖွဲ့ဝင်တွေအပေါ် ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
အဲဒီနောက် လုပ်ငန်းခွင်အတွင်း အသေးအဖွဲကိစ္စတွေကို အကြောင်းပြပြီး အပြစ်ရှာတာ၊ သတိပေးစာတွေမှာ လက်မှတ်ထိုးခိုင်းတာ၊ စည်းကမ်းချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နောက်ဆုံးမှာ အလုပ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ရွှေပြည်သာအလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အခု အလုပ်ထုတ်ခံရတဲ့သူတွေက သမဂ္ဂခေါင်းဆောင်ပိုင်းတွေချည်းပဲ။ ကျွန်မတို့က ဒီကိစ္စကို ကြားဝင်ဖြေရှင်းပေးနေပါတယ်။ အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်တွေက အလုပ်သမားဦးစီးဌာနကို ကိုယ်တိုင်တိုင်ကြားထားပြီး ကျွန်မတို့ဘက်ကတော့ Brand ကို တိုင်ကြားထားပါတယ်။ အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်တွေကို မူလလစာ၊ မူလဌာန၊ မူလရာထူးနဲ့ ပြန်လည်ခန့်အပ်ပေးဖို့ တောင်းဆိုထားပေမယ့် လက်ရှိအချိန်အထိ စက်ရုံဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။ ဆက်ပြီး Brand ရဲ့ မူရင်းနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံ သံရုံးကိုလည်း အကြောင်းကြားနိုင်ဖို့ ပြင်ဆင်နေပါတယ်” လို့ New Day Myanmar ကို ပြောပါတယ်။
အလုပ်သမားအရေးလှုပ်ရှားသူတွေကတော့ သမဂ္ဂခေါင်းဆောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အလုပ်ထုတ်နေတာဟာ အလုပ်သမားတွေရဲ့ အသင်းအပင်းဖွဲ့စည်းခွင့်၊ စုပေါင်းညှိနှိုင်းဆွေးနွေးခွင့်နဲ့ အလုပ်သမားအခွင့်အရေးတွေကို ထိခိုက်စေနိုင်တယ်လို့ ဝေဖန်ထားပါတယ်။
Bontech စက်ရုံဟာ ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံအများအပြားလိုပဲ အနိမ့်ဆုံးလုပ်ခလစာ၊ လုပ်ငန်းခွင်အခြေအနေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေအပေါ် ဖိအားပေးမှုတွေကြောင့် အလုပ်သမားအငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ စက်ရုံတွေထဲက တစ်ခုဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂတွေအပေါ် ဖမ်းဆီးမှု၊ အလုပ်ထုတ်မှုနဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းတွေက အစဉ်တစိုက် ထောက်ပြထားပါတယ်။
လက်ရှိမှာတော့ Bontech စက်ရုံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စက်ရုံဘက်က တရားဝင်တုံ့ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။


