Homeပြည်တွင်းသတင်းအသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ သရုပ်ပြစဉ် ထွက်ပြေးတာကြောင့် ရဲပစ်ခတ်ခံရပြီး သေဆုံး

အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ သရုပ်ပြစဉ် ထွက်ပြေးတာကြောင့် ရဲပစ်ခတ်ခံရပြီး သေဆုံး

၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦးဟာ အခင်းဖြစ်နေရာနဲ့ ဆက်စပ်ပစ္စည်းတွေ သရုပ်ပြစစ်ဆေးနေစဉ် ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ ရဲဝင်းပိုင် ခေါ် ကျွဲကြီး ခေါ် ရဲကြီး ခေါ် ပိုင်လေး၊ အသက် ၃၃ နှစ်ဖြစ်ပြီး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း ဇူလိုင် ၆ ရက်က ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ သူဟာ ထန်းတပင်မြို့နယ် တူးချောင်းကျေးရွာက အသက် ၅ နှစ်အရွယ် မသော်တာစိုင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှာ ဖွင့်ထားတဲ့ အမှုက ထွက်ပြေးတိမ်းရှောင်နေသူဖြစ်တယ်လို့ ရဲဘက်က စွပ်စွဲထားပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ဖမ်းဆီးခံထားရတဲ့ ရဲဝင်းပိုင်ကို အမှုဖြစ်စဉ်မှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ အဝတ်အစားတွေ ဝှက်ထားတဲ့နေရာကို ပြသခိုင်းပြီး သရုပ်ပြဆောင်ရွက်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တဦးကို တိုက်ခိုက်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး ရဲဝင်းပိုင် သေဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာရဲစခန်းကလည်း ဒီသေဆုံးမှုကို သေမှုသေခင်းအဖြစ် အမှုဖွင့်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

New Day Myanmar က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအခြေအနေနဲ့ သေဆုံးမှုအပေါ် သီးခြားအတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။

ဒီအမှုဟာ ဇူလိုင် ၃ ရက် မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ နေထိုင်တဲ့ KG တန်းကျောင်းသူ မသော်တာစိုင်းဟာ အဘွားဖြစ်သူက ကျောင်းသွားဖို့ ပြင်ဆင်ပေးနေချိန် ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာပါ။

မိသားစုဝင်တွေက တနေ့လုံး လိုက်လံရှာဖွေခဲ့ပြီးနောက် အဲဒီနေ့ ည ၉ နာရီဝန်းကျင်မှာ တူးချောင်းကျေးရွာ၊ ကံမြင့်လမ်းအနီး စောင်နဲ့ပတ်ထားတဲ့ အထုပ်အတွင်းကနေ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ကလေးငယ်ရဲ့ ရုပ်အလောင်းကို ဆေးရုံမှာ စစ်ဆေးရာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတယ်လို့ ယူဆရတဲ့ အခြေအနေတွေနဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ နားမှာ တပ်ထားတဲ့ နားကပ်တွေ ဆွဲဖြုတ်ခံထားရပြီး နားရွက်ပြတ်လုနီးပါး ဒဏ်ရာရထားတယ်ဆိုတဲ့ အချက်တွေလည်း ထွက်ပေါ်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲဝင်းပိုင်ကို ဇူလိုင် ၆ ရက်မှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မသင်္ကာဖွယ်တွေ့ရှိပြီး စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေစဉ် အခုလို ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရဲဝင်းပိုင်ဟာ တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း အပြီးသတ်ဆုံးဖြတ်ခြင်း မခံရသေးခင် ရဲပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ်အပေါ် လွတ်လပ်တဲ့ စစ်ဆေးအတည်ပြုချက် မထွက်ပေါ်သေးပါဘူး။

Related News

Most Read