၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က True Green City စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးတဦး ရိုက်နှက်ခံရတဲ့အမှုကို ရွှေပြည်သာမြို့နယ်တရားရုံးက တရားစွဲဆိုဖို့ မသင့်ဘူးဆိုပြီး ပယ်ချလိုက်တယ်လို့ သိရပါတယ်။
ဒီအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ နာကျင်စေမှုနဲ့ တရားစွဲထားတာဖြစ်ပြီး ဇူလိုင် ၆ ရက် ၁၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားသူကြီးက အခုလို အမိန့်ချခဲ့တာပါ။
ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စက်ရုံအတွင်း အလုပ်လုပ်နေချိန်မှာ တရုတ်နိုင်ငံသား Technician တဦးဖြစ်တဲ့ “ကျဲကျဲ” ဆိုသူက အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး အမျိုးသမီးရဲ့ နောက်ကျောကို မာကျောတဲ့အရာနဲ့ ရိုက်ခဲ့သလို၊ ဆောင့်တွန်းလို့ လဲကျသွားချိန်မှာလည်း ပလပ်စတစ်အိတ်နဲ့ ထပ်မံရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မတ်လ ၁၂ ရက်နေ့မှာ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
နစ်နာသူဘက်ကတော့ CCTV မှတ်တမ်းအပါအဝင် အလုပ်သမားသက်သေတွေကို တင်ပြထားခဲ့ပေမယ့် စစ်ဆေးစဉ်အတွင်း သက်သေအချို့ကို တရားရုံးက ပယ်လိုက်တယ်လို့ သိရပါတယ်။ ကျန်သက်သေတွေထဲမှာလည်း ရုံးချိန်းနေ့တွေမှာ မလာနိုင်တော့ဘဲ နောက်ပိုင်း အလုပ်ကပါ ထွက်သွားကြတာကြောင့် သက်သေတဦးသာ လာရောက်ထွက်ဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမှုကို ဥပဒေအရ ကူညီဆောင်ရွက်ပေးနေသူတွေကတော့ CCTV မှတ်တမ်းကို တရားရုံးက လုံလောက်စွာ သုံးသပ်မကြည့်ဘဲ အမှုကို ပယ်ချလိုက်တာအပေါ် မကျေနပ်ကြောင်း ပြောပါတယ်။ ဒါကြောင့် အထက်တရားရုံးကို အယူခံနဲ့ ပြင်ဆင်မှု ဆက်တက်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။
နစ်နာသူ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးနဲ့ အလုပ်သမားတွေဘက်ကလည်း ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် တရားမျှတမှုရရှိစေဖို့ အထက်တရားရုံးအထိ အယူခံဆက်တက်သွားမယ်လို့ ပြောထားပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်သူတဦးကတော့ ဒီအမှုကို စဖြစ်ကတည်းက စောင့်ကြည့်လာခဲ့တာဖြစ်ပြီး ဥပဒေအရကြည့်ရင်လည်း ထင်ရှားတဲ့အမှုတခုလို့ မြင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားတဦးက မြန်မာအလုပ်သမားတဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ကိစ္စအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေက ထိရောက်စွာ မဆောင်ရွက်ခဲ့ဘူးလို့လည်း ဝေဖန်ပါတယ်။
ရုံးချိန်းတွေမှာ သက်သေတွေ မလာနိုင်တာဟာ အလုပ်သမားတွေ ကြောက်ရွံ့နေတာကြောင့်လို့ သိရပြီး အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်လုံခြုံရေးနဲ့ အခွင့်အရေးရရှိရေးအတွက် ဆက်လက်ရပ်တည် ဝန်းရံသွားမယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဒီအမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။


