၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
အမှုကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီအပတ်အတွင်း ထောင်ဒဏ်ချမှတ်လိုက်တာလို့ အဲဒီတရားရေးနဲ့ နီးစပ်သူက ပြောပါတယ်။
“အမှုဆွဲတာက စစစ က ဆွဲတာပါ။ အမိန့်ချတာက ဒီအပတ်ထဲ ချလိုက်တာ။ ဆွဲထားတဲ့ပုဒ်မရဲ့ အမြင့်ဆုံးထောင်ဒဏ်က ၇ နှစ်အထိပဲရှိပြီး အခုက ထောင်ဒဏ် ၅ နှစ် ချလိုက်တာပါ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက New Day Myanmar ကို ပြောပါတယ်။
ဦးနိုင်ထွန်းလင်းကို အောင်မြေသာစံမြို့နယ်က သက်ဆိုင်ရာရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)၊ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးအမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) အရ မဆင်မခြင် ဒါမှမဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေဆုံးစေခဲ့ရင် ထောင်ဒဏ် ၇ နှစ်အထိနဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ သေဆုံးနိုင်တယ်ဆိုတာ သိရှိလျက် လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
Sky Villa ကွန်ဒိုဟာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးအနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့် အင်အားပြင်းငလျင်အတွင်း ပြိုကျခဲ့တာပါ။
၁၁ ထပ်ရှိတဲ့ ကွန်ဒိုအဆောက်အအုံ ပြိုကျပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်သူ ၅၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အပျက်အစီးရှင်းလင်းရေး ပြီးဆုံးချိန်မှာ ရုပ်အလောင်း ၂၀၆ လောင်းနဲ့ အမည်မသိရသေးတဲ့ ရုပ်အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကွန်ဒိုအတွင်းမှာ လူ ၄၀၀ ကျော် နေထိုင်ခဲ့တယ်လို့ သိရပြီး Sky Villa ပြိုကျမှုဟာ မန္တလေးငလျင်အတွင်း လူအသေအပျောက်အများဆုံး အဆောက်အအုံပြိုကျမှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။
ငလျင်အပြီး NTL Construction Company က သေဆုံးသူတဦးစီရဲ့ မိသားစုတွေအတွက် ကျပ်သိန်း ၁၀၀ စီ နစ်နာကြေးပေးခဲ့ပြီး ပထမအသုတ်မှာ သေဆုံးသူ ၇၂ ဦးရဲ့ မိသားစုတွေကို ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယအသုတ်အဖြစ် သေဆုံးသူ ၇၆ ဦးရဲ့ မိသားစုတွေကို ဆက်လက်ပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ သေဆုံးသူမိသားစုတချို့က ကွန်ဒိုအခန်းတခန်းရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၆,၅၀၀ အထိ ရှိခဲ့တာကြောင့် ပေးအပ်တဲ့ နစ်နာကြေးထက် ကွန်ဒိုတန်ဖိုးနဲ့ညီမျှတဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


