Homeပြည်တွင်းသတင်းဂျပန်အနေနဲ့ စစ်အုပ်စုတောင်းဆိုတဲ့ ဖွံ့ဖြိုးရေးအကူအညီ ပြန်မပေးသင့်ဟု HRW တိုက်တွန်း

ဂျပန်အနေနဲ့ စစ်အုပ်စုတောင်းဆိုတဲ့ ဖွံ့ဖြိုးရေးအကူအညီ ပြန်မပေးသင့်ဟု HRW တိုက်တွန်း

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာစစ်အုပ်စုက ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပေမယ့် ဂျပန်အစိုးရအနေနဲ့ အကူအညီအသစ်တွေ ပြန်မပေးသင့်ဘူးလို့ Human Rights Watch (HRW) က တိုက်တွန်းပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခင်ခင်စိုးက ဇွန်လ ၃၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဂျပန်က ဖွံ့ဖြိုးရေးအကူအညီတွေ ဆက်လက်ရပ်ဆိုင်းထားရင် သာမန်ပြည်သူတွေပဲ ထိခိုက်မယ်လို့ ပြောပြီး အကူအညီတွေ ပြန်လည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီအသစ်တွေကို ရပ်ဆိုင်းထားပါတယ်။ ဒီအကူအညီတွေဟာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီမဟုတ်ဘဲ အစိုးရစီမံကိန်းတွေကို ရေရှည်ထောက်ပံ့ပေးတဲ့ အကူအညီတွေ ဖြစ်ပါတယ်။

စစ်အုပ်စုက ပြည်သူတွေရဲ့ ဘဝအခြေအနေကို စိုးရိမ်တယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ အရပ်သားတွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ HRW က ထောက်ပြပါတယ်။

ဒီလုပ်ရပ်တချို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ ဂျပန်နိုင်ငံက အရပ်ဘက်အသုံးပြုဖို့ ထောက်ပံ့ထားတဲ့ ရေယာဉ်တွေကို စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်း စစ်သားနဲ့ လက်နက်သယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ HRW က ဖော်ပြပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံက ကူညီပံ့ပိုးထားတဲ့ ပဲခူးမြစ်ကူးတံတားစီမံကိန်းကနေ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတစ်ခု ငွေကြေးအကျိုးအမြတ် ရရှိခဲ့တယ်လို့လည်း HRW ရဲ့ သုတေသနမှာ တွေ့ရှိထားပါတယ်။

စစ်အုပ်စုဟာ သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွေမှာလည်း လူသားချင်းစာနာမှုအကူအညီတွေ ပြည်သူတွေဆီ ရောက်ရှိရေးကို အကြိမ်ကြိမ် တားဆီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်အုပ်စုက စီစဉ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ စစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံရေးစနစ်အတွက် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ ရည်ရွယ်တာဖြစ်တယ်လို့ HRW က သုံးသပ်ပါတယ်။

ဂျပန်အစိုးရကလည်း အဲဒီရွေးကောက်ပွဲအပေါ် စိုးရိမ်ကြောင်း ပြောထားပြီး မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှု ပိုများလာကာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ပိုခက်ခဲစေမယ်လို့ သတိပေးထားပါတယ်။

စစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေသရွေ့၊ အခြေခံလွတ်လပ်ခွင့်တွေကို ဖိနှိပ်နေသရွေ့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို တားဆီးနေသရွေ့ ဂျပန်အနေနဲ့ ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ ပြန်လည်ပေးအပ်တာ မလုပ်သင့်ဘူးလို့ HRW က တိုက်တွန်းပါတယ်။

အဲဒီအစား စစ်အုပ်စုခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတွေအပေါ် ပစ်မှတ်ထားအရေးယူမှုတွေ တင်းကျပ်ဖို့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းသင့်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို အမှန်တကယ် စိုးရိမ်တယ်ဆိုရင် အရပ်သားတွေအပေါ် တရားမဲ့တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးပို့ခွင့်ပြုဖို့ လိုအပ်တယ်လို့ HRW က ပြောပါတယ်။

ပုံစာ – အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ သြဂုတ်လအတွင်းက ဂျပန်နိုင်ငံ နီဂတ ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည့် မီးရထားတွဲသစ်များထဲမှ တစ်ခု

ဆက်စပ် သတင်းများ

Most Read