၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဟာ ကိုယ့်ကိုယ်ကို ပြန်ပေးဆွဲခံထားရသလို ဟန်ဆောင်ပြီး မိသားစုဆီက ကျပ်သိန်း ၁၀၀ တောင်းခံခဲ့ရာ ရည်းစားဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်အုပ်စုသတင်းပြန်ကြားရေးဌာနက ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ မောင်ငြိမ်းချမ်းဦးဟာ ဇွန်လ ၂၅ ရက်မှာ အလုပ်သွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ်မှာ လူပျောက်ကြော်ငြာတင်ပြီး ရှာဖွေခဲ့ကြပါတယ်။
ဇွန်လ ၂၇ ရက်မှာ အမျိုးသားတစ်ဦးက ငြိမ်းချမ်းဦးရဲ့ မိခင်ဆီ ဖုန်းဆက်ပြီး သားဖြစ်သူကို ပြန်ပေးဆွဲထားကာ ပြန်လွှတ်ပေးဖို့ ကျပ်သိန်း ၁၀၀ ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် ငြိမ်းချမ်းဦးရဲ့ ရည်းစားဖြစ်သူ ဒေါက်တာခိုင်ဆုရည်ကလည်း မိသားစုဝင်တွေဆီ ဆက်သွယ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက အသုံးပြုခဲ့တဲ့ ဖုန်းနံပါတ်တွေကို စစ်ဆေးပြီး ဆက်လက်စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာ ငြိမ်းချမ်းဦးဟာ အသံပြောင်းပြီး ပြန်ပေးဆွဲသူအဖြစ် ဟန်ဆောင်ကာ မိသားစုဆီ ထပ်မံဖုန်းဆက်ခဲ့ပါတယ်။
ငွေမလွှဲပေးရင် ငြိမ်းချမ်းဦးကို ပြည်သူ့စစ်မှုထမ်းစာရင်းထဲ ထည့်မယ်လို့ ခြိမ်းခြောက်ပြီး ကျပ်သိန်း ၁၀၀ ကို သူ့ရဲ့ KBZPay အကောင့်ထဲ လွှဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီနောက် တာမွေမြို့နယ်က ဟိုတယ်တစ်ခုမှာ ငြိမ်းချမ်းဦးနဲ့ ဒေါက်တာခိုင်ဆုရည်တို့ကို ဖမ်းဆီးခဲ့ပါတယ်။
စစ်ဆေးချက်အရ ငြိမ်းချမ်းဦးဟာ ရည်းစားဖြစ်သူနဲ့ အချိန်ကြာကြာ အတူနေလိုတာကြောင့် မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး ပြန်ပေးဆွဲခံရသလို ဟန်ဆောင်ကာ ငွေတောင်းဖို့ စီစဉ်ခဲ့တာလို့ စစ်အုပ်စုသတင်းပြန်ကြားရေးဌာနက ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ နှစ်ဦးကို သက်ဆိုင်ရာဥပဒေတွေအရ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။
စစ်အုပ်စုက လူပျောက်ဆုံးမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဆက်စပ်တဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတယ်လို့လည်း ဆိုပါတယ်။


