၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၁၂ တန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့သား ကိုဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ ခုနဲ့ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ မြို့ခံတွေနဲ့ တရားရုံးနီးစပ်သူတွေထံက သိရပါတယ်။
ဇွန်လ ၂၉ ရက် နံနက်ပိုင်းမှာ ချမှတ်ခဲ့တဲ့ အဲဒီအမိန့်အရ ကိုဇာနည်သွေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(၁)၊ ပုဒ်မ ၃၅၄ နဲ့ ပုဒ်မ ၃၈၄ တို့အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အမှုဖြစ်စဉ်ဟာ ဒီနှစ် ဇန်နဝါရီ ၁၅ ရက်က တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကျောင်းအုပ်ကြီးရဲ့သားဖြစ်သူ ကိုဇာနည်သွေးက ၁၂ တန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ပေါ်ပေါက်လာပြီးနောက် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ပတ်သက်တဲ့ ဒီအမှုဟာ လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုဇာနည်သွေးကို ဇန်နဝါရီ ၁၈ ရက်မှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး (ပ) ၁၅/၂၀၂၆ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ ကနဦး အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။


