၁၃ ဇွန် ၂၀၂၆ | New Day Myanmar
စစ်တပ်ရဲ့ လက်ရှိခြေလျင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေမှာ ပါဝင်နေတဲ့ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းခန့်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားတွေ ဖြစ်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ထုတ်ပြန်တဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
MDSI ရဲ့ အဆိုအရ စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်မှုထမ်းအမှတ်စဉ် ၂၅ ခု ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၂၃ အထိ သင်တန်းဆင်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာမသိမ်းမီကာလမှာ မြန်မာစစ်တပ်ရဲ့ နှစ်စဉ်တပ်သားသစ် စုဆောင်းရရှိမှုဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၃၀,၀၀၀ ခန့် ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း တစ်နှစ်လျှင် ၂၅,၀၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးအခြေအနေ တိုးတက်လာတာကြောင့် စစ်တပ်အတွင်း ဝင်ရောက်လိုသူ နည်းပါးလာခဲ့ပြီး နှစ်စဉ် တပ်သားသစ်စုဆောင်းရရှိမှုဟာ ၁၅,၀၀၀ အောက်အထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း တပ်ပြေး၊ ထုတ်ပယ်ခံရသူ၊ ထွက်ခွင့်ယူသူ၊ တိုက်ပွဲကျဆုံးသူနဲ့ သေဆုံးသူ စတဲ့ ပြုန်းတီးအင်အား အရေအတွက်ဟာ နှစ်စဉ် ပျမ်းမျှ ၁၂,၀၀၀ ကျော် ရှိနေခဲ့တာကြောင့် ၂၀၁၅ နောက်ပိုင်းမှာ ပြုန်းတီးအင်အားက စုဆောင်းရရှိတဲ့ အင်အားထက် ပိုမိုများပြားလာခဲ့တယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
MDSI က ၂၀၁၁ နောက်ပိုင်းမှာ စစ်တပ်ထဲ ဝင်ရောက်လိုသူ သိသိသာသာ နည်းပါးလာခဲ့ပြီး အောက်ခြေတပ်ရင်းတွေအနေနဲ့ လူဝယ်ယူစုဆောင်းတာ၊ ငွေကြေးပေးကာ စည်းရုံးစုဆောင်းတာမျိုးတွေ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလို ဖိအားပေးစုဆောင်းမှုတွေ ရှိနေခဲ့သော်လည်း ၂၀၁၇ နောက်ပိုင်းမှာ နှစ်စဉ်စုဆောင်းရရှိတဲ့ တပ်သားသစ်အရေအတွက်ဟာ ၁၀,၀၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄,၇၀၀ ခန့်နဲ့ အခြေခံတပ်သားသစ် ၄၀၀ ခန့် စုဆောင်းရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တည်းအတွင်း စစ်မှုထမ်းတပ်သား ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့တယ်လို့ MDSI က ခန့်မှန်းထားပါတယ်။
အဲဒီအရေအတွက်ဟာ စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က စုဆောင်းရရှိခဲ့တဲ့ တပ်သားသစ်အင်အားထက် ခြောက်ဆခန့် ပိုများနေကြောင်းလည်း ဆိုပါတယ်။
MDSI က လက်ရှိ စစ်တပ်ရဲ့ နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်ဆင်မှုတွေမှာ စစ်မှုထမ်းတပ်သားတွေကို အဓိကအခြေခံပြီး အင်အားဖြည့်တင်းထားတာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
ထို့အပြင် စစ်မှုထမ်းဥပဒေကို အသုံးပြုခြင်းအားဖြင့် ပြည်သူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်စေတဲ့ စစ်ရေးဗျူဟာတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ယင်းအခြေအနေက စစ်တပ်ခေါင်းဆောင်ပိုင်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ MDSI ရဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။


