၂၉ ဧပြီ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Sun Rise (Myanmar) Fashion အထည်ချုပ်စက်ရုံမှာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန်အပါအဝင် တောင်းဆိုချက် ၁၇ ချက်ကို အလုပ်သမား ၉၀၀ ခန့်က ဧပြီ ၂၄ ရက်ကနေ စတင်ပြီး ဆန္ဒပြတောင်းဆိုနေတယ်လို့ အလုပ်သမားသမဂ္ဂအသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒီဆန္ဒပြမှုဟာ ဧပြီ ၂၉ ရက်အထိ ၆ ရက်ကြာမြင့်လာပြီးဖြစ်သော်လည်း အလုပ်ရှင်ဘက်နဲ့ ညှိနှိုင်းမှုတွေမှာ ပြေလည်မှုမရသေးဘူးလို့ ဆိုပါတယ်။
အလုပ်သမားတွေ အဓိကတောင်းဆိုတာတွေမှာ လက်ရှိ ဒေးကြေး ၁၁,၅၀၀ ကျပ်ကနေ ၁၇,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်၊ ရက်မှန်ကြေးကို ၄၀,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်အထိ တိုးပေးရန်၊ ည ၁၁ နာရီအထိ အချိန်ပို (OT) အတင်းအဓမ္မခေါ်ယူမှု ရပ်ဆိုင်းရန်နဲ့ အလုပ်သမားတွေကို ဆဲဆိုဖိအားပေးနေတဲ့ နိုင်ငံခြားသားကြီးကြပ်ရေးမှူးတွေကို အရေးယူရန်တို့ ပါဝင်ပါတယ်။
ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် လက်ရှိလစာနဲ့ စားဝတ်နေရေး မမျှတတာနဲ့ လုပ်ငန်းခွင်ဖိအားများပြားတာတွေကြောင့် အခုလို ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ အလုပ်သမားဘက်က ပြောပါတယ်။
အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှုအရ ဧပြီ ၂၄ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ စက်ရုံပိုင်ရှင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ အလုပ်သမားရုံးတာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောမှုမရှိတာကြောင့် သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။
ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီမှာ သာဓုကန်စက်မှုဇုန်ရုံးမှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ လုပ်ငန်းရှင်များအသင်းတို့ ထပ်မံတွေ့ဆုံညှိနှိုင်းဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အဆိုပါ စက်ရုံမှာ ဂျပန်နိုင်ငံအမှတ်တံဆိပ်တွေဖြစ်တဲ့ BURTLE နဲ့ Urban Workwear အတွက် အထည်ချုပ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။


