Homeပြည်တွင်းသတင်းကိုရင်ငယ်လေးကို ရိုက်နှက်ခဲ့တဲ့ ဦးတေဇကို လူဝတ်လဲကာ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်

ကိုရင်ငယ်လေးကို ရိုက်နှက်ခဲ့တဲ့ ဦးတေဇကို လူဝတ်လဲကာ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်

၂၃ ဧပြီ ၂၀၂၆ ၊ New Day Myanmar

မြိတ်မြို့နယ်ရှိ ပဋိပတ္တိတောရကျောင်းအတွင်း ကိုရင်ငယ်တစ်ပါးကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးတေဇကို သာသနာ့ဝန်ထမ်းအဖြစ်ကနေ လူဝတ်လဲစေကာ တရားဥပဒေအရ အရေးယူထားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားပါတယ်။

ဖြစ်စဉ်အတွင်း ဦးတေဇက ကိုရင်ငယ်လေးကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တာကြောင့် ကိုရင်ငယ်လေးမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ဆေးကုသမှု ဆက်လက်ခံယူနေရတယ်လို့ သိရပါတယ်။

သာသနာ့နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ လူထုအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

လက်ရှိမှာ ဦးတေဇကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး သံဃာ့နာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ လူဝတ်လဲစေကာ ဘာသာသာသနာကို ညှိုးနွမ်းစေမှု၊ စော်ကားမှုတို့နဲ့ သက်ဆိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) အရ အမှုဖွင့်ထားပါတယ်။ အဆိုပါ ပုဒ်မအရ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်အပေါ် အကြမ်းဖက်မှု၊ နာကျင်စေမှုတို့နဲ့ ဆက်နွယ်ပြီး ဖြစ်စဉ်အပေါ် မူတည်ကာ နောက်ထပ် ပုဒ်မတွေ ထပ်မံတိုးမြှင့် စစ်ဆေးဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုရင်ငယ်လေးအတွက် တရားမျှတမှု ရရှိစေဖို့ ဆရာတော် ဦးသုနန္ဒ ဦးဆောင်ပြီး ကူညီဆောင်ရွက်နေသလို ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အခြေအနေတွေကိုလည်း အခါအားလျော်စွာ ပြည်သူတွေကို အသိပေး ထုတ်ပြန်နေပါတယ်။

လက်ရှိ ကိုရင်ငယ်လေးမှာ ရိုက်နှက်ခံရမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများလည်း ရရှိထားပြီး ဆေးဝါးကုသမှု ဆက်လက်ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး