၈ ဧပြီ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်းဒေသမှာ အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီးနောက် အခြေအနေတွေ ပြန်လည်တင်းမာလာပြီး အပစ်ရပ် သဘောတူညီမှု ပျက်ပြားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။
အစ္စရေးဘက်က လက်ဘနွန်နိုင်ငံကို အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ အီရန်ခွင့်ပြုချက်နဲ့ ရေနံတင်သင်္ဘော ၂ စင်း ဟော်မုဇ်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် မွန်းလွဲပိုင်းမှာတော့ ရေလမ်းကြောင်း ပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။
လက်ဘနွန်မြို့တော် ဘေရွတ် အပါအဝင် မြို့တွေကို အစ္စရေးက ၁၀ မိနစ်အတွင်း တိုက်ခိုက်မှု ၁၀၀ နီးပါး ပြုလုပ်ခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ဘက်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ အထူးတပ်ဖွဲ့တွေ၊ ဒုံးကျည်စနစ်တွေ နဲ့ ဒရုန်းစခန်းတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ဘက်ကတော့ အပစ်ရပ် သဘောတူညီမှုကို စွန့်လွှတ်နိုင်ချေရှိပြီး အစ္စရေးနိုင်ငံအတွင်း ပစ်မှတ်တွေကို ရှာဖွေသတ်မှတ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ရေဇာရီ က “မျက်နှာစာအားလုံးမှာ အပစ်ရပ်ရမယ်၊ မဟုတ်ရင် ဘယ်နေရာမှာမှ အပစ်ရပ်ဖို့မလိုဘူး” လို့ သတိပေးပြောဆိုထားပါတယ်။
တစ်ဖက်မှာတော့ ဒေါ်နယ်ထရမ့်က လက်ဘနွန်နိုင်ငံဟာ အပစ်ရပ်သဘောတူညီမှုမှာ မပါဝင်ဘူးလို့ ပြောဆိုထားပြီး အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ မကြာမီ စတင်မယ်လို့ ဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် ကတော့ နှစ်ပတ်ကြာ အပစ်ရပ်ကို လေးစားလိုက်နာကြဖို့ တိုက်တွန်းထားပြီး နောက်ဆုံးသဘောတူညီချက်အတွက် အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေ အစ္စလာမ္မာဘတ်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
အခြေအနေတွေ မတည်ငြိမ်နေပေမယ့်လည်း အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်နဲ့ ပြန်ဖွင့်နိုင်တယ်လို့ ပြောဆိုထားပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း နိုင်ငံပေါင်း ၁၅ နိုင်ငံနီးပါး ပါဝင်ပြီး သင်္ဘောသွားလာမှု ပြန်လည်ပြုလုပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


