၂၄ မတ်လ ၂၀၂၆ | New Day Myanmar
ဂျပန်ဘဏ္ဍာရေးကဏ္ဍက ကုမ္ပဏီတွေဖြစ်တဲ့ Daiwa Institute of Research (DIR) နဲ့ Japan Exchange Group (JPX) တို့ဟာ စစ်ကော်မရှင်အတွက် အကျိုးဖြစ်စေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ပံ့ပိုးနေဆဲဖြစ်တယ်လို့ Justice For Myanmar၊ Mekong Watch နဲ့ ဂျပန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီပံ့ပိုးမှုတွေမှာ စစ်တပ်ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ငွေတိုက်စာချုပ်တွေကနေ ရန်ပုံငွေရှာဖွေရေး အကျိုးဆောင်ဝန်ဆောင်မှုတွေ ပေးတာနဲ့ စတော့ဈေးကွက်မှာ စာရင်းသွင်းပေးတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ၅ နှစ်နီးပါးကြာလာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာနေချိန်တောင် DIR နဲ့ JPX တို့ဟာ စစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရန်ပုံငွေရှာဖွေရေးမှာ ဆက်လက်ပံ့ပိုးနေဆဲဖြစ်တယ်လို့ အဖွဲ့အစည်းတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း အဖွဲ့အစည်းတွေက DIR နဲ့ JPX ကို စာပို့ပြီး မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စိစစ်မှုတွေ ပြုလုပ်ထားသလားဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုပ်သိမ်းမယ့်အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့ပေမယ့် တိကျတဲ့အဖြေမရရှိခဲ့ဘူးလို့ ဆိုပါတယ်။
DIR ဟာ မြန်မာနိုင်ငံမှာ ရှည်လျားတဲ့ သမိုင်းရှိပြီး မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ ပူးပေါင်းပြီး ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရေးစင်တာ (MSEC) ကို တည်ထောင်ထားတာပါ။ အဲ့ဒီစင်တာကနေ ငွေတိုက်စာချုပ်တွေ ရောင်းဝယ်ပေးတာဟာ စစ်ကော်မရှင်အတွက် ဘဏ္ဍာငွေရှာဖွေရေးကို တိုက်ရိုက်ကူညီနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ကုလသမဂ္ဂဘက်ကလည်း မြန်မာ့စီးပွားရေးဘဏ်လို နိုင်ငံပိုင်ဘဏ်တွေဟာ စစ်လက်နက်ဝယ်ယူရေးအတွက် နိုင်ငံခြားငွေရှာဖွေရေးမှာ အရေးပါတဲ့နေရာမှာ ပါဝင်နေတယ်လို့ ထောက်ပြထားပြီး ဘဏ္ဍာရေးဆက်ဆံရေးတွေကို ရပ်တန့်ဖို့ အကြံပြုထားပါတယ်။
JPX ကတော့ DIR နဲ့ MEB တို့နဲ့အတူ ၂၀၁၅ ခုနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို တည်ထောင်ခဲ့ပြီး၊ အဲ့ဒီဈေးကွက်မှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေကိုပါ စာရင်းသွင်းခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
YSX မှာ စာရင်းဝင်တဲ့ ကုမ္ပဏီတချို့ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ MEHL နဲ့ MEC တို့နဲ့ ဆက်နွယ်မှုရှိကြောင်း မှတ်တမ်းတွေရှိပြီး၊ အဲ့ဒီကုမ္ပဏီတွေကနေတဆင့် စစ်ကော်မရှင်အတွက် ငွေကြေးစီးဆင်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ အဖွဲ့အစည်းတွေက ပြောပါတယ်။
Mekong Watch ရဲ့ အမှုဆောင်ဒါရိုက်တာ Yuka Kiguchi က “ကုမ္ပဏီတွေက လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာပါတယ်လို့ ပြောပေမယ့် တကယ်တမ်း ဘယ်လိုစိစစ်ထားလဲဆိုတာ မရှင်းလင်းဘူး။ ဂျပန်အစိုးရအနေနဲ့လည်း တာဝန်ယူရမယ်” လို့ ပြောပါတယ်။
Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေချိန်မှာ ငွေကြေးစီးဆင်းမှုတွေကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေ ရှိနေတယ်ဆိုတာ လုံးဝလက်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။
ဂျပန်ကုမ္ပဏီတွေနဲ့ အစိုးရအနေနဲ့ မြန်မာစစ်ကော်မရှင်နဲ့ ဆက်နွယ်နေတဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။


