Homeပြည်တွင်းသတင်းမြန်မာစစ်အုပ်စုကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု Justice for Myanmar ကြိုဆို

မြန်မာစစ်အုပ်စုကို ကနေဒါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု Justice for Myanmar ကြိုဆို

၉ မတ်၊ ၂၀၂၅

စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်နဲ့ အမှတ် ၃၃ ခြေလျင်တပ်ရင်း နဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၃ ယောက်ကို ကနေဒါအစိုးရက မတ်လ ၇ ရက်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို Justice for Myanmar က ကြိုဆိုလိုက်ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ လူပုဂ္ဂိုလ်တွေကတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာ ကံဇော်၊ ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ တို့ဖြစ်ကြပါတယ်။

ခုလိုအရေးယူရတာဟာ စစ်ကောင်စီက စနစ်တကျကျူးလွန်နေတဲ့ လူ့အခွင့်အရေချိုးဖောက်မှုတွေနဲ့ မြန်မာပြည်သူတွေ အပေါ်အကြမ်းဖက်မှုတွေ ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခု ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ခိုင်မာတဲ့သတင်းစကားပါးလိုက်တာဖြစ်ပေမယ့်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်စရာအများကြီး လိုအပ်နေပါတယ်။ ကနေဒါနဲ့ သူရဲ့မိတ်ဖက်များကလည်း စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနဲ့ လေယာဉ်ဆီ ရင်းမြစ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။”လို့ပြောပါတယ်။

ပုံစာ – စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသောပြည်သူများအား တပ်မ(၃၃)တပ်သားများက ပစ်ခတ်ဖြိုခွင်းနေစဉ်။

ဓာတ်ပုံ – CJ

Related News

Most Read