Homeပြည်တွင်းသတင်းကန်ချနဘူရီပြည်နယ်မှာမြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ပစ်ကပ်ယာဉ် တိမ်းမှောက်၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိ

ကန်ချနဘူရီပြည်နယ်မှာမြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ပစ်ကပ်ယာဉ် တိမ်းမှောက်၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိ

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ကန်ချနဘူရီပြည်နယ် အတွင်း ယနေ့ နံနက်ပိုင်းတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသည့် ပစ်ကပ်ထရပ်ကားတစ်စီး ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မတော်တဆမှုဟာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က ကန်ချနဘူရီပြည်နယ်၊ မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန် ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သတင်းအရ ဆိုင်ယွတ်ခရိုင် အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့ (၆)၊ တပ်ဖွဲ့ခွဲ (၂) က ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် မစ်ဆူဘီရှီ ပစ်ကပ်ထရပ်ကားတစ်စီးကို သံသယဖြင့် ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့ရာ ယာဉ်မောင်းက အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ်အတွင်း ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ကျွံဝင်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူ အများအပြား လမ်းပေါ်သို့ လွင့်စင်ကျသွားခဲ့ကြောင်း သိရပါတယ်။

တိမ်းမှောက်ခဲ့သည့် ပစ်ကပ်ယာဉ်အတွင်းတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမား ၅၀ မှ ၆၀ ခန့်အထိ ကျပ်ညပ်စွာ လိုက်ပါလာခဲ့ပြီး ယာဉ်မှာ အပျက်အစီးပြင်းထန်ခဲ့ကာ ဒဏ်ရာရရှိသူ ၂၃ ဦးခန့်ရှိကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပိတကံဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးလုပ်သားများ အခင်းဖြစ်နေရာသို့ အမြန်ရောက်ရှိလာကာ ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုကုသမှုများ ဆောင်ရွက်ခဲ့ပြီး ဖဟိုလ်ပုယုဇန ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာပြင်းထန်သူများ ပါဝင်နိုင်သော်လည်း အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာမရရှိခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ယာဉ်မောင်းဖြစ်သူမှာ မတော်တဆမှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ၎င်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများဟာ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်နိုင်ကြောင်း ယူဆထားပြီး ၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားရန် စီစဉ်ထားခဲ့သည်ကိုလည်း ဆက်လက် စစ်ဆေးမေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး