၅ ဖေဖော်ဝါရီ ၂၀၂၆
ကမ္ဘာတစ်ဝန်း ဒီမိုကရေစီအခြေအနေဟာ ဆယ်စုနှစ်လေးခုအတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ဟာ အမေရိကန်ပြည်ထောင်စုကို အာဏာရှင်နိုင်ငံဘက် ဆွဲခေါ်နေတယ်လို့ Human Rights Watch (HRW) က ဖေဖော်ဝါရီ ၄ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
နယူးယောက်အခြေစိုက် HRW ရဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ လူ့အခွင့်အရေးအခြေအနေတွေဟာ ရုရှားနဲ့ တရုတ်တို့ကြောင့် ဖိအားအောက်ရောက်နေပြီးသားဖြစ်ကာ ထရမ့် အိမ်ဖြူတော်ကို တစ်ကျော့ပြန်ရောက်လာတာက အဲ့ဒီအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ ထရမ့်အစိုးရရဲ့ လုပ်ရပ်တွေဖြစ်တဲ့ လူမျိုးရေးနဲ့ လူနည်းစုတွေကို အပြစ်ပုံချတာ၊ မဟုတ်မမှန် အကြောင်းပြချက်တွေနဲ့ အမျိုးသားအစောင့်တပ်တွေကို ဖြန့်ကျက်တာ၊ သူ့ကို ဝေဖန်ခဲ့တဲ့ အရာရှိဟောင်းတွေနဲ့ နိုင်ငံရေးရန်သူလို သတ်မှတ်ခံရသူတွေကို အကြိမ်ကြိမ် လက်စားချေတာ၊ အုပ်ချုပ်ရေးအာဏာကို ချဲ့ထွင်လာတာနဲ့ ဒီမိုကရေစီစနစ်အတွင်းရှိ အပြန်အလှန် ထိန်းကျောင်းမှုကို အားပျော့စေဖို့ ကြိုးပမ်းလာတာတွေကို ထောက်ပြထားပါတယ်။
HRW ရဲ့အဆိုအရ အဲ့ဒီလုပ်ရပ်တွေဟာ အမေရိကန်ကို အာဏာရှင်စနစ်ဘက် သိသိသာသာ ကူးပြောင်းလာနေကြောင်း ပြသနေတဲ့ အထောက်အထားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထရမ့်ဟာ အမေရိကန်အတွင်း လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ HRW က ဝေဖန်ထားပါတယ်။
ထရမ့်ရဲ့ လက်ရှိသက်တမ်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အေဂျင်စီ (ICE) က မျက်နှာဖုံးစွပ် လက်နက်ကိုင်အဖွဲ့တွေကို ဖြန့်ကျက်အသုံးပြုခဲ့ပြီး မလိုလားအပ်တဲ့ အကြမ်းဖက်မှုနဲ့ ဝင်ရောက်စီးနင်းမှုတွေကို ရာနဲ့ချီ လုပ်ဆောင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတွေဟာ လူ့အခွင့်အရေးကို အခြေခံတဲ့ မဟာမိတ်တွေ ဖွဲ့စည်းပြီး အတူတကွ ရပ်တည်ကြဖို့၊ သွင်းကုန်ခွန်တွေကို နိုင်ငံရေးလက်နက်လို အသုံးပြုနေတဲ့ ထရမ့်ကို ဆန့်ကျင်ရာမှာလည်း ပူးပေါင်းရပ်တည်ကြဖို့ HRW အမှုဆောင်ဒါရိုက်တာ Philippe Bolopion က တိုက်တွန်းထားပါတယ်။
သတင်းရင်းမြစ် – AFP


