ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ICJ တရားရေး ကြားနာမှုများ စတင်နေချိန်ဟာဆိုရင် တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် အလွန်အရေးကြီးသော အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲ့ရစ် ခေါ် ကိုထိန်လင်းက ပြောပါတယ်။
စစ်တပ်ဟာ နိင်ငံတကာဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပြီး အတိတ်က ရက်စက်ကြမ်းကြုတ်မှုများကို ထပ်မံမပြုလုပ်သင့်သလို တရားမျှတမှုဆိုတာ ရွေးချယ်လို့ရတဲ့ အရာမဟုတ်ဘူးလို့ သူက ဖေ့ဘွတ်လူမှုကွန်ရမှာ ရေးသားထားပါတယ်။
သူ့ရဲ့မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝရဲ့ နှစ်ပေါင်း ၂၀ နီးပါးကို စစ်တပ်ရဲ့ဖမ်းဆီးမှုအောက်မှာကုန်ဆုံးခဲ့ရပြီး ဒီနေ့အထိ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ကမ္ဘာကမသိအောင် မတရားဖမ်းဆီးဖွက်ထားခံနေရဆဲဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင်ရွေးကောက်ခံခေါင်းဆောင်တွေ ထောင်ချခံထားရပြီး ပြည်သူတွေရဲ့ဆန္ဒကို ငြင်းပယ်ခံထားရသရွေ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့တရားမျှတမှု ရှိလာမှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
အဲဒါကြောင့် စစ်မှန်တဲ့တာဝန်ခံမှုဆိုတာ ပြည်သူတွေရဲ့ရွေးချယ်မှုအပေါ် လေးစားမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုတာပဲဖြစ်ရမယ်လို့ ဆိုပါတယ်။


