မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) က စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၂၅ ရက်မှာ တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့ အတိအလင်းကြေညာလိုက်ပါတယ်။
အဲဒီဥပဒေဟာ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပယ်ချဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့ကြောင့် ချိုးဖောက်သူတွေကိုပြစ်မှုရဲ့ ပြင်းထန်မှုအလိုက် တရားဥပဒေနဲ့အညီ သင့်လျော်တဲ့အရေးယူဆောင်ရွက်တာတွေကိုလုပ်ဆောင်သွားမယ်လို့လည်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
မွန်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးသမားတွေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် တော်လှန်ရေးအင်အားစုတွေရဲ့ဖိအားပေးမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
“အခုဆို ရေးမြို့နယ်က ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဆို ရန်ကုန်မှာကိုသွားနေရတယ်။ တခါတခါတော့လည်း မော်လမြိုင်ပြန်လာတာပေါ့။ အခုလည်းရွေး ကောက်ပွဲအပိုင်း၂ မှာပါမှာကို ဘာမှမလုပ်ရသေးဘူးလို့လည်းကြားတယ်။ ရေးဘက်ကကျတော့ လုံခြုံရေးအရဘာမဆိုဖြစ်သွားနိုင်တော့ သတိထားလုပ်ရမယ့်အခြေအနေပေါ့”လို့ ဆိုပါတယ်။
ပြည်နယ်အဆင့် ကိုယ်စားပြု ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေတဲ့ မွန်ညီညွှတ်ရေးရေးပါတီမှာ ကိုယ်စားလှယ်လောင်း ၃၈ ဦးပါဝင်မှာဖြစ်ပြီး၊ ရေးမြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်လောင်တွေဟာ လုံခြုံရေးအရ စိုးရိမ်နေရတယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ-MSFC


