Homeပြည်တွင်းသတင်းသံတွဲလေဆိပ်ကို AA သိမ်းယူ

သံတွဲလေဆိပ်ကို AA သိမ်းယူ

၂၃ ဇွန်၊ ၂၀၂၄

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်က သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ရရှိထားပြီး ခမရ ၅၆၆ ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ သံတွဲလေဆိပ်ကို AA သိမ်းပိုက်ရရှိတာဟာ စစ်ကောင်စီလက်ထဲက လေဆိပ်တစ်ခုကို တိုင်းရင်းသားတော်လှန်ရေးတပ်တွေအနေနဲ့ ပထမဆုံး သိမ်းယူနိုင်ခြင်း ဖြစ်ပါတယ်။ လေဆိပ်မှာ လေယာဥ် ၂ စီးရှိနေတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။

သံတွဲလေဆိပ်ကို သိမ်းပိုက်ရရှိနိုင်ဖို့ AA ဘက်က နှစ်ပတ်ကျော်ကြာအောင် ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေကလည်း အင်အားသုံးပြီး ခုခံကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ သံတွဲလေဆိပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခမရ ၅၆၆ ကို ထွက်ပြေးသွားပြီး လေဆိပ်ကို ပြန်သိမ်းနိုင်ဖို့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

သံတွဲလေဆိပ်ကို ဇွန်လ ၂၂ ရက်မှ ထိန်းချုပ်နိုင်တာ ဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ AA က သံတွဲမြို့နဲ့ငပလီမြို့တွေကို ဝန်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်တွေကလည်း ပြန်လည်သိမ်းယူနိုင်ဖို့ ရေကြောင်း လေကြောင်းကပါ စစ်အင်အားအလုံးအရင်းနဲ့ ပြန်လည် တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီ တပ်စခန်းတွေက ငပလီမှာ ခလရ ၅၅ ၊ သံတွဲမှာ ခမရ ၅၆၆ တို့ရှိပြီး စစ်ကောင်စီက ခမရ ၅၆၆ မှာ အလုံးအရင်းနဲ့ ခံစစ်ပြင်ထားပေမယ့် သံတွဲလေဆိပ်ကို လက်လွှတ်ဆုံးရှုံးရတာ ဖြစ်ပြီး သံတွဲမြို့ကို AA က ဧပြီလ ၂၂ ရက်က စပြီး တိုက်ပွဲများဖြစ်နေတာ ဖြစ်ပြီး ဒေသခံ ၂၀၀၀၀ ဝန်းကျင်ဟာ စစ်ရှောင်ဖို့ ထွက်ခွာပြီးသား ဖြစ်ပါတယ်။ သံတွဲလေဆိပ်ကို မေလ ၁၄ ရက်ကစပြီး ပိတ်ထားပြီး စစ်လေယာဉ်တွေသာ ဆင်းတက်မှု ရှိနေတာ ဖြစ်ပါတယ်။

သံတွဲမြို့နယ်က တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက ကြည်းရေလေ အင်အားသုံးပြီး အရပ်သားတွေ ရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လင်းသီ ၊ နတ်မော်တောင်၊ ဆင်ခေါင်းကျေးရွာက အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒီနေ့လည်း သံတွဲမြို့ပေါ်က လူငယ်တစ်ဦးနဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဗုံးဆံမှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီလော်ဘီ လူမှုကွန်ယက်အကောင့်တွေနဲ့ တယ်လီဂရမ်ချန်နယ်တွေက သံတွဲမြို့ကို ဗုံးကျဲပြီး ဖျက်ဆီးပစ်ရန် လှုံ့ဆော်ရေးသားနေကြပါတယ်။

ဇွန်လ ၂၃ ရက် ဒီနေ့မှာ သံတွဲလေဆိပ်အပြင် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်တဲ့ တောဟိန်းတောင် တပ်စခန်းကို AA က အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။ တောဟိန်းတောင် စခန်းဟာ အခိုင်အမာ တပ်စခန်းဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ထဲက သိမ်းယူနိုင်ဖို့ AA က ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read