၅ ဧပြီ ၂၀၂၆ | New Day Myanmar
အီရန်နိုင်ငံကောင်းကင်မှာ ပစ်ချခံခဲ့ရတဲ့ F-15 တိုက်လေယာဉ်ပေါ်မှ ဒုတိယမြောက် လေယာဉ်အမှုထမ်းကို အမေရိကန် အထူးတပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
လက်နက်စနစ်ထိန်းချုပ်ရေးအရာရှိဖြစ်တဲ့ အဆိုပါ လေသူရဲဟာ လေယာဉ်ကနေ Eject ခုန်ထွက်စဉ် ဒဏ်ရာရရှိခဲ့ပေမယ့် လမ်းလျှောက်နိုင်နေဆဲဖြစ်ပြီး အီရန်တောင်တန်းဒေသတွေမှာ ဖမ်းဆီးမခံရစေရန် တစ်ရက်ကျော်ကြာ တိမ်းရှောင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးကို စနေနေ့မှာ အမေရိကန် အထူးကွန်မန်ဒိုတပ်ဖွဲ့တွေက လေကြောင်းပစ်ကူအများအပြားနဲ့ ဆောင်ရွက်ခဲ့ပြီး ပြင်းထန်တဲ့ ပစ်ခတ်မှုတွေကြားမှာ လေသူရဲကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်တပ်ဖွဲ့တွေ အီရန်နယ်မြေထဲက ပြန်လည်ထွက်ခွာလာပြီလို့ သိရပါတယ်။
လေယာဉ်ပစ်ချခံရပြီး နာရီပိုင်းအတွင်း ပထမ လေသူရဲကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒုတိယတဦးကိုတော့ နောက်တစ်ရက်ကျော်ကြာ ရှာဖွေပြီးမှ ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအတွင်း အီရန်ဘက်က Blackhawk ရဟတ်ယာဉ်တစ်စင်းကို ပစ်ခတ်ခဲ့ပေမယ့် လေယာဉ်ပျက်စီးမသွားဘဲ ဆက်လက်ပျံသန်းနိုင်ခဲ့ပြီး တပ်ဖွဲ့ဝင်အချို့သာ ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါ လေသူရဲကို ရှာဖွေရေးမှာ CIA က သတင်းမှားတွေ ဖြန့်ဝေပြီး အီရန်ဘက်ကို လှည့်စားခဲ့သလို တိကျတဲ့ တည်နေရာကို ရှာဖွေထောက်လှမ်းနိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးကို ချက်ချင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကယ်ဆယ်ရေးကို အမေရိကန်သမိုင်းထဲက အတင့်ရဲဆုံး စစ်ဆင်ရေးတွေထဲက တစ်ခု လို့ ခေါ်ဆိုခဲ့ပြီး လေသူရဲကို “ဒဏ်ရာရှိပေမယ့် အခြေအနေကောင်းမွန်တယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်နေတဲ့ အခြေအနေထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ တစ်ဖက်မှာလည်း သံတမန်ရေးကြိုးပမ်းမှုတွေ ထိရောက်မှုမရှိသေးဘူးလို့ သိရပါတယ်။
ထို့အပြင် အီရန်ဘက်က နောက်ထပ် အမေရိကန် လေယာဉ်တွေကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောဆိုထားသော်လည်း အမေရိကန်ဘက်က တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။


