Homeပြည်တွင်းသတင်းတောင်ဥက္ကလာပမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအဖွဲ့က လူငယ်တွေကို ဖမ်းဆီးကာ စစ်တပ်ထံကို ရောင်းစားနေဟု ဆို

တောင်ဥက္ကလာပမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအဖွဲ့က လူငယ်တွေကို ဖမ်းဆီးကာ စစ်တပ်ထံကို ရောင်းစားနေဟု ဆို

၉ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က လူငယ်တွေကို ဖမ်းဆီးကာ စစ်တပ်ဆီကို ရောင်းစားနေတယ်လို့ အဲ့ဒီမြို့နယ်မှာနေသူအချို့က New Day Myanmar ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲမှာ အချို့က ဈေးရောင်းဈေးဝယ် လုပ်စားနေသူတွေ ပါဝင်သလို အချို့က သင်တန်းတက်နေတဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“အသက် ၁၉ နှစ်နဲ့ ၂၀ လောက်ရှိတဲ့သူတွေပေါ့။ အသိထဲက တစ်ယောက်ရဲ့သားကိုတော့ ပြန်ရွေးထုတ်လာနိုင်တယ်။ သိန်း ၃၀ နဲ့လို့တော့ ပြောတယ်။ သေချာအတိအကျတော့ မမေးမိဘူး။ အခု ကျွန်တော်တို့ တောင်ဥက္ကလာ၊ မြောက်ဒဂုံနဲ့ သင်္ဃန်းကျွန်းဘက်က ရပ်ကွက်အုပ်ကြီးတွေ တော်တော် နာမည်ထွက်နေတယ်” လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Rangoon Scout Network (RSN) က သတင်းဖော်ပြထားပြီး ဧပြီ ၇ ရက်နေ့ ညပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ၅/၇ ဗြဟ္မာစိုရ်လမ်းပေါ်မှာ ယောကျ်ားလေး ၁ ဦး ကွမ်းယာထွက်ဝယ်နေစဉ် ၅ ရပ်ကွက်အုပ်ကြီးအဖွဲ့ ရုတ်တရက် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ၅ ရပ်ကွက်ရုံးထဲ အချုပ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ အမှတ် ၅ ရပ်ကွက်ရုံးထဲမှာ ဖမ်းဆီးခံထားရသူ လူငယ် ၆ ဦးခန့်ရှိသေးပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းနေကာ စစ်မှုမထမ်းလိုသူ လူငယ်တွေကို မိသားစုဆီကို ဆက်သွယ်ခိုင်းပြီး ငွေနဲ့ လာရောက်ရွေးယူဖို့ စေခိုင်းနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းနဲ့ပတ်သက်တဲ့ ဥပဒေကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးအတွက် ငွေကြေးရှာဖွေတာတွေ လုပ်ဆောင်နေတာကြောင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဆီကို တိုင်ကြားထားတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး