Homeပြည်တွင်းသတင်းရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာသည့် လူငယ်များကို ပြန်လွှတ်နေ

ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာသည့် လူငယ်များကို ပြန်လွှတ်နေ

၂၂ ဖေဖော်ဝါရီ၊ ၂၀၂၅

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်သားနဲ့ရဲတွေဟာ ပြည်ပကိုထွက်ခွာမယ့်လူငယ်တွေကို စစ်ဆေးနေပြီး မသင်္ကာတဲ့သူတွေကို လေဆိပ်ကနေ ပြန်လွှတ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်အလုပ်လုပ် ကိုင်ခွင့်ပိတ်ထားပြီး PV တစ်မျိုးတည်းကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။

ယနေ့တွင်လည်း ပြည်ပထွက်ခွာမယ့်လူငယ်အများကို စစ်မှုထမ်းအမည်စာရင်းပါဝင်တယ်ဟုဆိုကာလေဆိပ် ကနေပြန်လွှတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

” လူငယ်တော်တော်များများကို ပြန်လွှတ်နေတာ။ အချက်အလက်နဲ့မကိုက်ညီလို့ဆိုပြီး။ PJ တွေကလုံးဝထွက်မရဘူး။ PV တောင်မှ သူတို့တောင်းဆိုတဲ့အချက်အလက်တွေကို ပြနိုင်ပြောနိုင်မှသာ ပေးထွက်တာ။ ပိုက်ဆံပေးလည်းမရတော့ဘူး။ ပြီးတော့ စစ်မှုထမ်းစာရင်းက သူတို့လက်ထဲရှိတယ်လေ။ အဲဒါတွေနဲ့တိုက်တာ။ PJ တွေကိုပိတ်လို့ PV နဲ့ထွက်ကြတာ။ PV ကိုတောင်ပိတ်လိုက်မှာ ‌စိုးရတယ်” လို့ လေဆိပ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း လူငယ်အများစုဟာ တရားဝင်လမ်းကြောင်းမှဖြစ်စေ၊ တရားမဝင် လမ်းကြောင်းမှဖြစ်စေ ပြည်ပကိုထွက်ခွာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပတ်စ်ပို့ရုံးတွေကို ပိတ်ဖို့စီစဉ်နေပြီး တရားဝင်ကြေညာသွားမှာမဟုတ်ဘဲ ရုတ်တရက်ပိတ် မှာဖြစ် တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဆိုပါတယ်။

PJ နဲ့ပြည်ပထွက်ခွင့်ပိတ်ထားပြီး PV နဲ့ပြည်ပထွက်မည်ဆိုပါက ထောက်ခံသူတစ်ဦးလိုအပ်ပြီး ၎င်းအနေနဲ့ ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ထောက်ခံသူကို အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read