Homeပြည်တွင်းသတင်းICJ မှာ စစ်ကောင်စီကို စွဲချက်တင်တဲ့အထဲ ဂမ်ဘီယာဘက်က အိုင်ယာလန် ပါဝင်လာ

ICJ မှာ စစ်ကောင်စီကို စွဲချက်တင်တဲ့အထဲ ဂမ်ဘီယာဘက်က အိုင်ယာလန် ပါဝင်လာ

၂၅ ဒီဇင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုမှာ တရားလိုဂမ်ဘီယာဘက်က ပါဝင်ခွင့်ပြုဖို့ အိုင်ယာလန်နိုင်ငံက လျှောက်ထားကြောင်း ICJ က ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ပါတယ်။

ICJ တရားရုံးကို ဒီဇင်ဘာ ၂၀ ရက်က ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုဖို့ အိုင်ယာလန်နိုင်ငံက လျှောက်ထားတာဖြစ်ပြီး ဒီလအတွင်းမှာပဲ တရားလို ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုဖို့ ဘယ်ဂျီယံနိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ စလိုဗေးနီးယားနိုင်ငံတွေကလည်း လျှောက်ထားခဲ့ကြပါတယ်။

ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက် နိုင်ငံတွေကလည်း ဂမ်ဘီယာဘက်က ပါဝင်ခွင့်ပြုဖို့ လျှောက်ထားခဲ့တာကြောင့် ICJ က ပါဝင်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာကြောင့် မြန်မာအာဏာပိုင်တွေကို ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ ၂၀၁၇ ခုနှစ်က စတင်တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ တင်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ခဲ့သလို ဒီတင်ပြချက်ဟာ တစ်ဖက်သတ်ဆန်ပြီး အားနည်းချက်တွေရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နယ်သာလန်နိုင်ငံက ICJ တရားရုံးမှာ ငြင်းဆိုခုခံခဲ့ပါတယ်။ ဒီငြင်းဆိုချက်ကို ၂၀၂၂ ခုနှစ်မှာ ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်ပြီး ကိုင်တွယ်နေတာဖြစ်ပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ ကျင်းပတဲ့ Gambia v. Myanmar အမှုတရားခွင်မြင်ကွင်း

ဓာတ်ပုံ – ICJ

ဆက်စပ် သတင်းများ

Most read