၂၃ ဒီဇင်ဘာ၊ ၂၀၂၄
ကာလဝမ်းရောဂါ ထိုင်းနိုင်ငံတွင်း ကူးစက်ပြန့်ပွားခြင်းက ကာကွယ်ဖို့ ထိုင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး နဲ့ ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ထိုင်းမြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို တစ်လ ပိတ်ဖို့ ဒီဇင်ဘာ ၂၃ ရက် ဒီနေ့ အမိန့်ထုတ်ပြန်လိုက်ကြောင်း Khaosod သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းက မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့မှာ ကာလဝမ်းရောဂါကူးစက်နေသူ ၃၀၀ ကျော်ထိ ရှိနေပြီး မဲဆောက်မြို့နယ်နဲ့ မယ်လမတ်မြို့နယ်တွေမှာ ကူးစက်သူ ၂ ယောက်ကို စတင် တွေ့ရှိခဲ့တဲ့အတွက် အရေးပေါ်ကုသရေးစင်တာတွေ စီစဉ်ထားခြင်း၊ နယ်စပ်တလျှောက် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပညာပေးလက်ကမ်းစာစောင်တွေ ဝေငှခြင်း၊ ဆေးဝါးများအရန်သင့်ပြင်ဆင်ထားခြင်း လုပ်တဲ့အပြင် ဆေးဆိုင်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ဝမ်းလျှောဝမ်းပျက်လူနာတွေ့ရှိရင် ချက်ချင်းအကြောင်းကြားဖို့ မှာထားပါတယ်။
မဲဆောက်ခရိုင်ထဲက ထိုင်းစစ်တပ်ဖွဲ့ဝင်များ ၊ မဲဆောက်အာဏာပိုင်များ၊ မဲဆောက်ရဲတပ်ဖွဲ့ဝင်များ၊ မဲဆောက်ဆေးရုံက ဝန်ထမ်းများကိုလည်း တာ့ခရိုင်က နယ်စပ်ရွာတွေကို စေလွှတ်ပြီး ဒေသခံတွေကို ကာလဝမ်းရောဂါ ကာကွယ်ဖို့ ပညာပေးနေတယ်လို့ သိရပါတယ်။
ပုံစာ – ထိုင်းစစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ကျန်းမာရေးဝန်ထမ်းများ ရွာတွေကို အသိပညာပေးစဉ်
Photo – Khaosod English