၉ ဒီဇင်ဘာ၊ ၂၀၂၄
ဒီဇင်ဘာ ၇ ရက်ကစပြီး ကိုးကန့်တပ်မတော် MNDAA က ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ဒေသကို ကုန်စည်သယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်ဒေသ နဲ့ ဝ တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့ ကြားက ဖောင်ဆိပ်တံတားကနေ ကုန်စည်သယ်ဆောင်ခွင့်တွေကို အပြန်အလှန် ကန့်သတ်လိုက်တာလို့ သိရပါတယ်။
ဝ တပ်ဖွဲ့အနေနဲ့ အောက်တိုဘာလထဲက တရုတ်အစိုးရရဲ့ ဖိအားပေးတားမြစ်မှုအရ ကိုးကန့်ဒေသထဲကို စားသောက်ကုန်အပါအဝင် ကုန်စည်စီးဆင်းမှုကို တားမြစ်ထားတာဖြစ်ပါတယ်။ ဝ ဒေသ ဟိုပန်မြို့ကနေ လားရှိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့တွေကို စားသောက်ကုန်တွေ အပါအဝင် လူသုံးကုန်တွေ စက်သုံးဆီတွေ သယ်ဆောင်ခွင့်ပိတ်ပင်ထားတာပါ။
အခု ကိုးကန့်ဘက်ကလည်း ဝ ဘက်ကို ကုန်သယ်ယူခွင့် ပိတ်ပင်ထားပြီး အပြန်အလှန် ကုန်စည်စီးဆင်းမှုကို ပိတ်ပင်တာပါ။ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အသီးအနှံတွေကအစ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
“ဟုတ်ပါတယ်၊ လားရှိုးဘက်ကို အောက်တိုဘာလလယ်လောက်ထဲက ဝဘက်က စားသောက်ကုန်၊ ခေါက်ဆွဲတို့ အရက်တို့ အသားတို့ ဆေးဝါးတို့ မလာတော့ပါဘူး ၊ ဒီဘက်ကလည်း ပြန်ပြီး အသီးအရွက်တို့ ကြက်ဥတို့ပြန်ပိတ်တာပါ။ လားရှိုးမြို့တွင်းမှာတော့စားနပ်ရိက္ခာ အခုထိ ပြတ်မသွားသေးဘူး။ ဘယ်ကဝင်လဲတော့ မသိဘူး” လို့ လားရှိုးဒေသခံတစ်ဦးကလည်း New Day Myanmar ကို ပြောပါတယ်။
တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအပြီးမှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)တို့ကို ကုန်စည်စီးဆင်းမှု ပိတ်ပင်ဖို့ ဝ တပ်ဖွဲ့ကို ဖိအားပေးထားသလို နယ်စပ်ဂိတ်တွေ အကုန်ပိတ်ထားပါတယ်။
ပုံစာ – ချင်းရွှေဟော်ဂိတ်အနီးမှ ကိုးကပ်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
Photo – The Kokang