Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကြောင့် အမျိုးသမီး ၁၃၀၀ နီးပါး သေဆုံး

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကြောင့် အမျိုးသမီး ၁၃၀၀ နီးပါး သေဆုံး

၁၃ နိုဝင်ဘာ၊ ၂၀၂၄

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်အထိ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ အမျိုးသမီး တစ်ထောင့်သုံးရာနီးပါး (၁၂၇၀ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။

AAPP ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုင်ဝင်ဘာလ ၁၂ ရက်အထိ အမျိုးသမီး ၅၆၀ ဦး သေဆုံးခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ၄၀၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၁၃ ဦး နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၉၅ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းက အမျိုးသမီး သေဆုံးမှု ၄၆၃ ဦးထိ ရှိပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ကစပြီး အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထားမှု ပိုမိုလာပါတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း တိုးမြင့်လာပြီး လူနေအိမ်၊ ဈေး၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားမှုလည်း ပိုပြီးများလာပါတယ်။

စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးပြီး ပြည်သူတစ်ရာဝန်းကျင်ကို ဖမ်းဆီးထားရာမှာ အများစုက အမျိုးသမီးတွေဖြစ်ပြီး ၁၅ နှစ်အရွယ်မိန်းကလေးတွေအထိ ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေပါတယ်။

AAPP ရဲ့ နိုဝင်ဘာလ ၁၂ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့သူ ၅၉၄၄ ဦးအထိရှိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၂၇၀ ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Photo – KNU

Related News

Most Read