၁၁ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာလ ၁၀ရက်က ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်က ရွှေထွက်တဲ့ ဒေသဖြစ်တဲ့ လန်ဆယ်ရွာကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်နိုင်ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ ၁၁ ရက်က အတည်ပြုကြောင်း သတင်းတွေက ဖော်ပြပါတယ်။
တရုတ်မြန်မာနယ်စပ်က လန်ဆယ်ရွာမှာ ပြည်သူ့စစ်အင်အား ၃၀ ဝန်းကျင်ရှိပြီး ခေါင်လန်ဖူးသွားတဲ့လမ်းက အရေးပါတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၉ ရက်မှာ တိုက်ခိုက်ပြီး နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
လန်ဆယ်တပ်စခန်းကို ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်နဲ့ ခေါင်လန်ဖူး ဒေသခံ ပြည်သူ့စစ်တွေ ပူးပေါင်းအထိုင်ချထားပြီး ကျောက်မျက်နဲ့ ရွှေ အထွက်များတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသားအားလုံးနီးပါးဟာ ရွှေတူးဖော်ရေးလုပ်ငန်းပဲ လုပ်ကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ကချင်အထူးဒေသ ၁ မှာ ကန်ပိုက်တည်မြို့ကို သိမ်းယူဖို့ပဲကျန်တော့ပြီး ကန်ပိုက်တည်မြို့ကို မသိမ်းယူဖို့ကို တရုတ်အစိုးရက ဖိအားပေးနေတယ်လို့ သတင်းတွေက ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေကို အတည်ပြုခြင်းမရှိပေမယ့် ကချင်အထူးဒေသ ၉၀%ကို သိမ်းပိုက်ထားနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။
ပုံစာ – လန်ဆယ်ရွာကို အဝေးကမြင်ရစဉ်
Photo – Ahram Saray