၅ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ထိန်းချုပ်ဒေသ လားရှိုးမြို့၊ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက် မနက် ၀နာရီ ၄၃ မိနစ်နဲ့ ဝနာရီ ၅၀ မိနစ်မှာ လေကြောင်းက လားရှိုးမြို့အဝင်က မယ်ဟန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ “မနေ့က သန်းခေါင်အချိန်မှာ ဗုံးလာကြဲကြတာပါ။ မယ်ဟန်ရွာဘက်က အုပ်ချုပ်ရေးမှူးရုံးနဲ့ လူနေအိမ်တွေကို ကျပါတယ်။ လူတော့ မထိပါဘူး”လို့ လားရှိုးမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက် နေ့လည် ၂နာရီ ၄၀မိနစ်က နောင်ချိုမြို့ ကတ္တီပင်ကျောင်းအနီးပတ်ဝန်းကျင်က လူနေအိမ်များကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အခု ဗုံးကြဲချတဲ့နေရာအနီးတဝိုက်ကို အရင်ကလည်း ကြဲဖူးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဟာ လားရှိုးနဲ့ နောင်ချိုမြို့တွေသာမကဘဲ KIA နဲ့တိုက်ပွဲဖြစ်နေတဲ့ မိုးမောက် ဗန်းမော်ကြား အောင်မြေရွာအနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မိုးမောက်မြို့မှာ ခမရ ၄၃၇ ကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့အတွက် ပြန်လည်သိမ်းယူနိုင်ဖို့ လေကြောင်းက ပစ်ကူပေးနေတာ ဖြစ်ပါတယ်။
ပုံစာ – နိုဝင်ဘာ ၄ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ လူနေအိမ်အပျက်အစီးများ
Photo – MaymeLynnAung