Homeပြည်တွင်းသတင်းတရုတ်နယ်စပ် ဖီမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

တရုတ်နယ်စပ် ဖီမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

၃ နိုဝင်ဘာ၊ ၂၀၂၄

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၃၁ ရက်က BGF တပ်ရင်း ၁၀၀၁ တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ ဖီမော်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးသွားတဲ့အတွက် မတိုက်ခိုက်ဘဲသိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ BGF ၁၀၀၁ တပ်ရင်းဟာ ဖီမော်မြို့ကို သွားရာလမ်းမှာ တည်ရှိနေတာပါ။

နိုဝင်ဘာလ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က ဖီဖော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်အလံကို ဖြုတ်ချနေတဲ့ ရုပ်သံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ မှာ နယ်ခြားစောင့်တပ်ရင်း BGF ရဲ့ တပ်ရင်း ၁၀၀၁ ၊ ၁၀၀၂၊ နဲ့ ၁၀၀၃ အကုန်လုံးကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပါတယ်။

အောက်တိုဘာ ၂၁ က ကန်ပိုက်တီမြို့လုံခြုံရေးယူထားတဲ့ BGF တပ်ရင်း ၁၀၀၃ ကို သိမ်းပိုက်ထားပြီး BGF ၁၀၀၂ နဲ့ ပန်ဝါမြို့၊ ဆော့လော်မြို့၊ ချီဖွေမြို့တို့ကိုလည်း ပြီးခဲ့တဲ့လက သိမ်းပိုက်ထားပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ BGF တပ်ရင်း ၁၀၀၁ ကို သိမ်းပိုက်နိုင်တဲ့အတွက် ကချင်ပြည်နယ် အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ဖို့ ကန်ပိုက်တီနဲ့ နေရာတချို့သာ ကျန်တော့ပြီး ကန်ပိုက်တီမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် အထူးဒေသ ၁ တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်ကစပြီး တရုတ်အစိုးရက ကချင်ပြည်နယ်က တရုတ်မြန်မာနယ်စပ် ကုန်သွယ်ဂိတ်အားလုံးကို ပိတ်ဆို့ထားပြီး စားသောက်ကုန်၊ လူသုံးကုန် နဲ့ စက်သုံးဆီ တွေကို လုံးဝ ဖြတ်တောက်ထားပါတယ်။

ပုံစာ – ဖီမော်မြို့က စစ်ကောင်စီတပ်စခန်းက အလံဖြုတ်ချနေစဉ်

Photo – ScreenCapture From T Awng Awng

ဆက်စပ် သတင်းများ

Most read