၂၉ အောက်တိုဘာ၊ ၂၀၂၄
MNDAA တပ် ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီနေ့ အောက်တိုဘာ ၂၉ ရက် နေ့လည် ၁၁နာရီ ၅၈ မိနစ်မှာ တစ်ကြိမ်၊ နေ့လည် ၂ နာရီ ၃၄မိနစ်မှာ တစ်ကြိမ် စစ်ကောင်စီက ဗုံးကြဲချ တိုက် ခိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နေ့လည် ၁၁ နာရီ ၅၈ မိနစ်က လားရှိုးမြို့ ၊ ရပ်ကွက် ၇ အောင်စေတနာလမ်း က လူနေအိမ်တွေကို ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လူနေအိမ်နဲ့ လျှပ်စစ်မီးတိုင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
လူသေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာရမှုတွေတော့ ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီလေတပ်ဟာ အရင်က လည်း ရပ်ကွက် ၇ အောင်စေတနာလမ်းကို ဗုံးကြဲချ တိုက်ခိုက်ခဲ့ဖူးပါတယ်။
“လူဒဏ်ရာရတာတော့ အနည်းအပါး ရှိနိုင်တယ်ဗျ အသေးစိတ်မသိရသေးဘူး။ သေဆုံးတော့ ကျွန်တော်တို့ လည်း သတင်းမကြားမိသေးပါဘူး။ ရပ်ကွက် ၇ အောင်စေတနာလမ်း လမ်းသွယ် ၂ ဘက်ကအိမ်တစ်လုံးတော့ တော်တော် ထိသွားတယ်။ ဒီနေရာတွေက အရပ်သား ပြည်သူတွေပဲ ရှိတာပါ” လို့ ဒေသခံက New Day Myanmar ကို ပြောပါတယ်။
ဒီနေ့ နေ့လည် ၂နာရီ ၃၄ မိနစ်မှာပဲ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ နောက်ထပ် ဖျက်အားပြင်း ဗုံးများလာ ကြဲချသွားတယ်လို့သိရပြီး ဒေသအခေါ် ၂၅၀၀ ဘက်ကို ကြဲချသွားတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှုကို အသေးစိတ် မသိရသေးပါဘူး။
စစ်ကောင်စီဟာ လားရှိုးမြို့ကို စက်တင်ဘာလ အစပိုင်းထဲက ဒီနေ့အထိ ဗုံးအကြိမ် ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပုံစာ – အောက်တိုဘာ ၂၉ နေ့လည်၁၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတဲ့လားရှိုးမြို့ Photo – Citizen