Homeပြည်တွင်းသတင်းမန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

၇ အောက်တိုဘာ၊ ၂၀၂၄


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီအချိန်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရသူ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ကတည်းက ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းမှာ လိုအပ်တဲ့ ဆေးကုသမှုတွေမရခဲ့တာကြောင့် ရောဂါအခြေအနေ ဆိုးဝါးလာတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး မန္တလေးဆေးရုံကို ပြောင်းရွှေ့ ဆေးကုသခံယူနေတာပါ။ အဲ့ဒီနောက် အောက်တိုဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ တာဖြစ် တယ်လို့ လည်း သိရပါတယ်။

“ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ထဲမှာ ကျန်းမာရေးဆိုးရွာလာပြီး ဇွန်လနဲ့ ဇူလိုင်လ အတွင်းမှာ ပြင်ပ ဆေးရုံမှာ ဆေးဝါးကုသခွင့်ရရှိရေးဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒါကို လုံခြုံ ရေးအကြောင်းပြပြီး ပြင်ပဆေးရုံကို အချိန်နဲ့ တပြေးညီမထုတ်ခဲ့တဲ့ အတွက် မန္တလေးတိုင်းဝန်ကြီးချုပ်၊ နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့သူတဦး ကျဆုံးခဲ့ရတာဖြစ်ပါတယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။

နှစ်ပေါင်းများစွာ လုံလောက်တဲ့ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်တဲ့ နာမကျန်းမှုနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ အကျဥ်းစံအခြေအနေဟာ လွန်စွာ လူမဆန် ၊ အဆင့်နိမ့်စွာနေခဲ့ပြီး မကွယ်လွန်မီ နာရီပိုင်းအလိုမှ စစ်အစိုးရက သူ့ရဲ့ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းဟာ စစ်မှန်သော သနားကြင်နာမှု မဟုတ်ကြောင်း ဥရောပသမဂ္ဂသံရုံးကလည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စတဲ့စွဲချက်တွေနဲ့ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

Photo – CJ, Chair NLD

ဆက်စပ် သတင်းများ

Most read