Homeပြည်တွင်းသတင်းနိုင်ငံတစ်ဝန်း လူဦးရေ ၈ သိန်းကျော် ရေဘေးသင့်ခဲ့ကြောင်း UNOCHA ထုတ်ပြန်

နိုင်ငံတစ်ဝန်း လူဦးရေ ၈ သိန်းကျော် ရေဘေးသင့်ခဲ့ကြောင်း UNOCHA ထုတ်ပြန်

၂၁ စက်တင်ဘာ ၊ ၂၀၂၄

မြန်မာနိုင်ငံတဝန်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ၈ သိန်း ၈ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၀ ရက်စွဲ နဲ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံခဲ့ရတယ်လို့ ဆိုထားပြီး လက်ရှိ အချိန်အထိ သေဆုံးသူ ၃၀၀ ကျော်ရှိနေပြီး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးရှိနေပြီလို့ မြေပြင်သတင်း အချက်အလက်တွေကို ကိုးကားပြီး UNOCHA က ဖော်ပြပါတယ်။

အဲဒီထဲမှာ မန္တလေးတိုင်းထဲက ရေဘေးသင့်ကျေးရွာ ၁၅ ရွာက လူ ၂၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ ကျော် ရမည်းသင်းဆေးရုံကြီးမှာ ဆေးကုသခဲ့ရကြောင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် ၂၆ မြို့နယ်မှာ ရေကြီး မြေပြို့ခဲ့တာတွေကြောင်း သေဆုံးသူ အနည်းဆုံး လူ ၇၈ ယောက်ရှိခဲ့ပြီး ၄၇ ဦး ဆေးကုသခဲ့ရတယ်လို့လည်း UNOCHA က ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့က မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရေဘေးကြုံခဲ့ရသလို နေအိမ်အဆောက်အအုံ၊ လမ်း၊ တံတားတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံတွေ ပျက်စီးသလို ကောက်ပဲသီးနှံတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်တွေ၊ ဆေးဝါးတွေနဲ့ သောက်သုံးရေအပါအဝင် အရေးပေါ်ကူညီ ကယ်ဆယ်ရေးတွေလုပ်ဖို့ အမေရိကန်ဒေါ်လာ ၄ သန်းသုံးစွဲသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရေကြီးနစ်မြုပ်ပြီးနောက် ကလောမြို့လူနေရပ်ကွက်တစ်ချို့ မြင်ကွင်းများ

Photo – CJ

ဆက်စပ် သတင်းများ

Most read