Homeပြည်တွင်းသတင်းတပ်ကုန်းနဲ့ တောင်ငူဒေသတွေက ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခုမှာ အစာအဆိပ်သင့်မှု ဖြစ်ပွား လူရာချီ ဆေးကုသမှုခံယူနေရ

တပ်ကုန်းနဲ့ တောင်ငူဒေသတွေက ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခုမှာ အစာအဆိပ်သင့်မှု ဖြစ်ပွား လူရာချီ ဆေးကုသမှုခံယူနေရ

၁၉ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာ ၁၇ ရက်နဲ့ စက်တင်ဘာ ၁၈ ရက်တို့မှာ တပ်ကုန်းနဲ့ တောင်ငူမြို့က ရေဘေး ကယ်ဆယ်ရေးစခန်း တွေမှာ ရာနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေ အစာအဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်က နေပြည်တော်နယ်မြေ တပ်ကုန်းမြို့ ချောင်းခြားရွာမှာ ကယ်ဆယ်ရေးစခန်း ရောက်နေတဲ့ပြည်သူတွေနဲ့ ကယ်ဆယ်ရေးသမား တစ်ရာ ဝန်းကျင်ဟာ ကယ်ဆယ်ရေးအတွက် လာရောက် လှူဒါန်းတဲ့ နေ့လည်စာ ဒံပေါက်ကို စားမိရာက မူးဝေ၊ အော့အန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

” ကျွေးကြတာကအစုံပဲ ၊ နေ့လည်စာ ဒံပေါက်စားလိုက်တဲ့လူတိုင်း မူးတယ်၊ အန်တယ်၊ အထက်လန်အောက် လျှောလို ဖြစ်တယ်ပေါ့နော်၊ လာပြီး ကယ်တဲ့အဖွဲ့တွေထဲကလည်း ဖြစ်တယ်၊ တစ်ရာဝန်းကျင်တော့ ရှိနိုင် တယ်”လို့ တပ်ကုန်းမြို့က ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၈ မနေ့ညပိုင်းက တောင်ငူမြို့ အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းရွာက ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ ၄၀၀ ဝန်းကျင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စခန်းမှာ မနေ့က ညစာအဖြစ် ဘဲဥချဉ်ရည်ဟင်းနဲ့ ထမင်းကို ကျွေးခဲ့ပြီး ကလေးတွေနဲ့ သက်ကြီးအများစုဟာ မူးဝေ အော့အန်ခဲ့ပါတယ်။

လက်ရှိမှာ စခန်းက ရောဂါလက္ခဏာပြင်းထန်တဲ့ လူ ၄၀ ဝန်းကျင်ကို တောင်ငူဆေးရုံကြီးကို တင်ပို့ထားပြီး ၃၀၀ ကျော်ကို စခန်းမှာ ဆက်ပြီး စောင့်ကြည့်ကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” အစာအဆိပ်သင့်တာက ကျွန်တော်တို့လည်း တစ်ခါတလေ ဖြစ်တတ်ကြပါတယ် ။ အစုအလိုက် အပြုံလိုက်ဖြစ်ကြတာက ရွာမှာ အလှူရှိတာတွေ၊ ခုလို ရေဘေးကိစ္စတွေမှာ လူအများကြီး ပြုံဖြစ်ကြတာပါ။ အဓိကက အသားတွေ မလတ်ဆတ်တာ၊ ချက်တာ မကျက်တာ၊ ချက်ပြီးမှ သိုးသွားတာတွေကြောင့် ဖြစ်ပါတယ်။ တခါတရံ ဟင်းရွက်တွေ ဆေးတာ မသန့်တာကြောင့်ဖြစ်ပါတယ်။ များသောအားခြင်း အူလမ်းကြောင်းပိုးဝင်ပြီး အော့အန် ဝမ်းလျှောဖြစ်ကြတာပါ” လို့ ဆရာဝန်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အဆိုပါ အခြေအနေအတွက် အစားအသောက်သန့်ရှင်းဖို့နဲ့ သောက်ရေကအစ သန့်ရှင်းဖို့လိုသလို ရောဂါဆိုး လာပါက ပိုးသတ်ဆေးသောက်ချင်း၊ထိုးချင်းတွေ လုပ်ဆောင်ရသလို အခြေခံကတော့ ရောဂါလက္ခဏာ သက်သာအောင် ဆေးပေးတာနဲ့ ရေဓာတ်ဖြည့်ပေးတာနဲ့ ဓာတ်ဆားရည်တိုက်တာ ၊ ပုလင်းချိတ်တာတို့ပါ လိုအပ်ရင် လုပ်ရမယ် လို့ သူက ဆိုပါတယ်။

တပ်ကုန်းဒေသခံတစ်ဦးကတော့ လက်ရှိမှာ သောက်ရေ သုံးရေတွေ သန့်ရှင်းမှုမရှိသေး ဘူးလို့ ဆိုပါတယ်။ ရေတွေ ပြန်ကျသွားပေမဲ့ ရွှံရေ နုန်းရေတွေအဖြစ်ကျန်နေခဲ့ပြီး ရေတွင်းနဲ့ ရေကန်တွေမှာ လည်း ရေတက်တုန်းခဲ့ဝင်ခဲ့တဲ့ ရေဆိုးတွေ ရှိနေတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း စက်တင်ဘာရေဘေးကြောင့် ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်သူ ၁၆၃၅၇၃ ဦး ရှိပြီး ဆွေမျိုးတွေအိမ်မှာ သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါဟာ စစ်ကောင်စီ အုပ်ချုပ်တဲ့ဒေသတွေမှာ ကောက်ယူထားတဲ့စာရင်းတွေအရဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ထိန်းသိမ်းထားတဲ့ဒေသတွေက ဒုက္ခသည်စာရင်းတွေ ထည့်သွင်းရေတွက်ခြင်း မရှိသေးပါဘူး။

ပုံစာ – စက်တင်ဘာ ၁၈ရက် ညပိုင်းက ဖြစ်ပွားတဲ့ ဝက်ဖြူကုန်းအစာအဆိပ်သင့်ဖြစ်စဉ်

Photo – CJ

ဆက်စပ် သတင်းများ

Most read