Homeပြည်တွင်းသတင်းရေတာရှည်မြို့နယ်က ရေဘေးသင့်ရွာတချို့ကို စစ်ကောင်စီ မကူညီဖို့ တားမြစ်

ရေတာရှည်မြို့နယ်က ရေဘေးသင့်ရွာတချို့ကို စစ်ကောင်စီ မကူညီဖို့ တားမြစ်

၁၇ စက်တင်ဘာ၊ ၂၀၂၄

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ရေဘေးသင့်တဲ့ကျေးရွာတွေကို အစား အသောက်နဲ့ ရိက္ခာပိုဆောင်နေတဲ့ ကယ်ဆယ်ရေးတွေကို စစ်ကောင်စီက တားမြစ်နေတာကြောင့် ကူညီ ကယ်ဆယ်လုပ်ငန်းလုပ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ်ထဲက ကျေးရွာ၆ရွာထက် မနည်းဟာ စစ်တောင်းမြစ်ရေကြီးတာကြောင့် ရေလွှမ်း မိုးခံနေရပါတယ် ။ ဒီကျေးရွာတွေက လူဦးရေတစ်ထောင်ကျော်ဟာ မြို့ပေါ်ကိုပြောင်း ရွှေ့နေထိုင်နေကြပြီး မပြောင်းရွှေ့ဘဲ ဒေသခံ ၂၀၀၀ကျော်ကျန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တောင်းမြစ်အရှေ့ပိုင်းရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိက္ခာပို့ဆောင်တာကို စစ်ကောင်စီက တားမြစ်ထားပြီး ရွာကလူတွေက စစ်တောင်းတံတားထိ လာရောက် သယ်ယူနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရာဂီမုန်တိုင်း အဖျားရိုက်ခတ်ခံရတာကြောင့် မြို့နယ် ၅၆ မြို့နယ် မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိတယ်လို့ စက်တင်ဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးနယ်မြေတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လက်လှမ်းမမီတဲ့နေရာတွေက သေဆုံး ပျောက်ဆုံး စာရင်းတွေကို ကောက်ယူလို့ မရသေးတဲ့အတွက် မြေပြင်စာရင်းဟာ ဒီထက်ပိုပြီး များနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

ပုံစာ – ရေဘေးသင့်ဒုက္ခသည်များ

Photo – SheinThuYa

ဆက်စပ် သတင်းများ

Most read