Homeပြည်တွင်းသတင်းသပိတ်ကျင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံး

သပိတ်ကျင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံး

၂၇ ဇူလိုင်၊၂၀၂၄

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အချိန်တစ်ပတ်ကျော်အတွင်းမှာ အရပ်သားငါးဦးထက်မနည်း သေဆုံးပြီး နေအိမ်ငါးဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Bo Linn Yone အဖွဲ့ရဲ့ထုတ်ပြန်မငအရ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Bo Linn Yone အဖွဲ့ရဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်မှုအရ စစ်ကောင်စီတပ်က ချောင်းကြီးရွာကို လေကြောင်းကနေ ၅၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နေအိမ် ၄၈ လုံးပျက်စီးပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်လို့ အရပ်သားသေဆုံးမှုတွေ ရှိနေတာလို့ တိုက်ပွဲတွေကြောင့် ရပ်သားပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရ တယ်လို့ ဆိုပါတယ်။

ချောင်းကြီးရွာဟာ အိမ်ခြေနှစ်ထောင်ခန့်နဲ့ ရပ်ကွက်ကိုးခုရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ အများစုက ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး နယ်ဝေးကနေ ရွှေတူးဖော်ရေးလုပ်ငန်း လာရောက်လုပ်ကိုင် ကြသူတွေလည်း ရှိပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာ KIA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူပေါင်းတပ်တွေက ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာရဲစခန်းကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ လည်း သိရပါတယ်။

ဒီလထဲမှာပဲ သပိတ်ကျင်းမြို့နယ် အင်းနက်နဲ့ တောင်လယ်ရွာက တပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read