Homeဆောင်းပါးစစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို တောင်းဆိုကြရမည်

စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို တောင်းဆိုကြရမည်

ယနေ့ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် ပဋိပက္ခမီးတောက်များသည် တဟုန်ထိုး တောက်လောင်နေ ဆဲဖြစ်ပြီး၊ နိုင်ငံတကာ သတင်းခေါင်းစီးများတွင်လည်း အပြစ်မဲ့ပြည်သူများ၏ ဘဝများအား နင်းချေ ဖျက်ဆီးခံနေရသည့် သတင်းဆိုးများက နေရာယူလျက်ရှိနေကြသည်။

၂၀၂၀ ပြည့်နှစ်အလွန် စစ်ကြောင့် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုကို ဖော်ပြရလျှင် ဂါဇာဒေသကို ပြရလိမ့်မည်။အဆက်မပြတ်သော လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြေပြင်တွင် အလုံးစုံ ပြာပုံဘဝသို့ တိတိကျကျ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ လူနေအိမ်ခြေများနှင့် အခြေခံအဆောက်အအုံဟူသမျှမှာ မြေပုံပေါ်မှ ပျောက်ကွယ်ရမည့်အထဲအထိ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။

တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်း၏ အဓိက အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်နိုင်ငံသည်လည်း လက်ရှိတွင် ပြင်းထန်လှသည့် ဒေသတွင်း တင်းမာမှုများ၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများနှင့် နိုင်ငံရေးအရ ဖိအားများကြောင့် နိုင်ငံ၏ စီးပွားရေးစနစ်နှင့် ပြည်သူတို့၏ လူမှုဘဝများမှာ စိစိညှပ်ညှပ် ကြေမွရသည့် အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေရသည်။အလားတူပင် မြန်မာနိုင်ငံအပါအဝင် ထိုင်း နှင့် ကမ္ဘောဒီးယားတို့၏ ဒေသတွင်း နယ်စပ်ပြဿနာများကြောင့်လည်း ပြည်သူတို့သည် စစ်၏ ခါးသီးလှသော လူမှုအခက်အခဲများကို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရသည်။

ယင်းကဲ့သို့သော ခေတ်သစ်ပဋိပက္ခများ၏ အရင်းအမြစ်နှင့် အကျိုးဆက်များကို နားလည်ရန်အတွက် လူ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ခါးသီးခဲ့ရသည့် ကမ္ဘာစစ်ကြီးများ၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုရန် လိုအပ်ပေသည်။ ၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ပထမကမ္ဘာစစ်ကြီးအတွင်း လူပေါင်း သန်း ၂၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းနောက် နှစ်အနည်းငယ်အကြာ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ နိုင်ငံပေါင်း ၃၀ ကျော် ဆက်လက်ပါဝင်ကာ ပိုမိုဆိုးရွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးတွင်မူ စစ်ဘေးဒဏ်ကြောင့် အရပ်သားပြည်သူများနှင့် စစ်သည်တော်များ အပါအဝင် လူပေါင်း သန်း ၇၀ မှ ၈၅ ကြား အသက်ဆုံးရှုံးခဲ့ရကာ လူ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သွေးမြေကျမှုကြီး ဖြစ်ခဲ့သည်။

ဤကဲ့သို့သော သမိုင်းတစ်လျှောက် ကမ္ဘာစစ်ကြီးများ၏ ကြေကွဲစရာ ကိန်းဂဏန်းများနှင့် ခါးသီးမှုများသည် “စစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိပါ၊ အားလုံး ဆုံးရှုံးရခြင်းသာ ရှိသည်” ဟူသော ရင်နာစရာ အမှန်တရားကို ထင်ရှားစွာ သက်သေပြနေပြီး မျက်မှောက်ခေတ် ကပ်ဘေးများတွင်လည်း ၎င်းဒဏ်ရာဒဏ်ချက်များကို ထပ်မံခံစားနေကြရသည်။

စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည့် ဒုက္ခသည်သန်းပေါင်းများစွာ၊ မိဘမဲ့ဖြစ်ရသည့် ကလေးငယ်များနှင့် အနာဂတ် ရစရာမရှိတော့ဘဲ ရုန်းကန်နေရသူများ၏ ကိန်းဂဏန်းများသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာနေပြီး ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအတွက် လျစ်လျူရှုထား၍မရတော့သော အရေးပေါ် သတိပေးချက်တစ်ခုပင် ဖြစ်သည်။

ဤသို့သော စစ်ပွဲများ၏ ဒဏ်ရာဒဏ်ချက်နှင့် နယ်ချဲ့တို့၏ ကျူးကျော်သိမ်းပိုက်မှု ခါးသီးပုံများကို မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကလည်း အထင်အရှား သက်သေပြနေသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ ဒုတိယစစ်ပွဲနှင့် တတိယစစ်ပွဲများ ရင်ဆိုင်ခဲ့ရကာ နောက်ဆုံးတွင် တစ်နိုင်ငံလုံး နယ်ချဲ့တို့၏ သိမ်းပိုက်မှုကို ခံခဲ့ရသည်။

ထိုမှတစ်ဆင့် သက်တမ်းမကြာမီမှာပင် ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့၏ သိမ်းပိုက်ခြင်းကို ထပ်မံခံကြုံခဲ့ရပြန်ရာ မြန်မာပြည်သူလူထုတစ်ရပ်လုံးမှာ အလွန်တရာ ဆိုးရွားလှသည့် ဒုတိယမြောက် ဆင်းရဲပေါင်းများစွာ၊ အသက်ဆုံးရှုံးမှုများနှင့် ဘဝပျက်စီးရမှုများကို အလွန်ပင် ခါးသီးစွာ တွေ့ကြုံခဲ့ကြရသည်။

ဖက်ဆစ်ဂျပန်တို့၏ လက်ထက်တွင် မြန်မာပြည်သူလူထုမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်း၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းနှင့် စားနပ်ရိက္ခာ ဖိသိမ်းခံရခြင်းတို့ကြောင့် အလွန်တရာ ဆိုးရွားလှသည့် ငတ်မွတ်ခေါင်းပါးမှုများနှင့် ဒုက္ခဆင်းရဲများကို ရင်ဆိုင်ခဲ့ရသည်။

အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့က မော်လမြိုင်မြို့နှင့် ဘန်ကောက်မြို့ကို ဆက်သွယ်ကာ စစ်လက်နက်ရိက္ခာများ ပို့ဆောင်နိုင်ရန် အတင်းအဓမ္မ ဖောက်လုပ်စေခဲ့သည့် “သေမင်းတမန် ရထားလမ်း” (Death Railway) ဇာတ်လမ်းမှာ မြန်မာ့သမိုင်းတွင် အင်မတန် ခါးသီးလှပေသည်။ ဒီရထားလမ်း ဖောက်လုပ်စဉ်ကာလအတွင်း မဟာမိတ်စစ်သုံ့ပန်းများနှင့် မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် အာရှဒေသခံ လုပ်အားပေး လူပေါင်း ၂ သိန်းကျော်ကို ဂျပန်တို့က အလွန်အမင်း လူမဆန်စွာ အတင်းအဓမ္မ ခိုင်းစေခဲ့သည်။ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများ၊ ရောဂါဘယများနှင့် အစာရေစာပြတ်လတ်မှုများကြောင့် စစ်သုံ့ပန်း ၁၆,၀၀၀ ကျော်နှင့် ဒေသခံလုပ်အားပေး ပြည်သူ ၁ သိန်းကျော်အထိ အသက်ဆုံးရှုံးခဲ့ရကာ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀၀၀၀ ကျော် အထိ အသက်ဆုံးခဲ့ကြောင်း မှတ်တမ်းပြုစုထားခဲ့ကြသည်။ ဤရထားလမ်းသည် လူ့သမိုင်းတွင် အဆိုးရွားဆုံး သွေးမြေကျခဲ့ရသည့် သက်သေဆိုးတစ်ခု အဖြစ် ကျန်ရစ်ခဲ့သည်။

ထို့အပြင် ဂျပန်ကိုလိုနီခေတ် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလကို မြန်မာ့သမိုင်းတွင် ငရဲခန်းတမျှ ဆိုးရွားလှသည့် ကာလတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပြန်သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် လွတ်လပ်ရေး ကြေညာပေးခဲ့သည်။ ဂျပန်တို့သည် ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကာ၊ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်စေလျက် ဗမာ့တပ်မတော်ကို တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့ကြသည်။ထို့နောက် ဖိနှိပ်မှုမျိုးစုံကို နေရာအနှံတွင် ဆောင်ရွက်ခဲ့ကြသည်။ထို့ကြောင့် ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့ကြသည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကြံပြုချက်၊ အကူအညီများအပြင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ မုသားဝါဒနှင့် ဖိနှိပ်မှုကို ရိပ်မိလာသဖြင့် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ကာ လျှို့ဝှက်တော်လှန်ရေးအစီအစဉ်များကို ရေးဆွဲခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအင်အေတပ်များကို ဦးဆောင်လျက် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ ဖက်ဆစ်ဂျပန်ကျူးကျော်သူများကို အမိမြေမှ ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ ယခုအခါ တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပနေသည့် နေ့ရက်သည် ထိုစဉ်က ဖက်ဆစ်ဂျပန်တို့အား မြန်မာ့တပ်မတော်က အမျိုးသားညီညွတ်ရေးစွမ်းအားဖြင့် အတူတကွ တိုက်ထုတ်ခဲ့မှုကို အမှတ်ရစေသည့် သမိုင်းဝင်နေ့ရက် ဖြစ်ခဲ့သည်။ထို့ကြောင့်သာပင် အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်က ယနေ့ထိတိုင် ဖက်ဆစ်တော်လှန်ရေးနေ့ ဟူ၍ ထိုရက်ကို ယခုထိတိုင် သတ်မှတ်ခေါ်ဝေါ်ထားခဲ့ခြင်းလည်းဖြစ်သည်။

ဂျပန်ကိုတိုက်ထုတ်ခဲ့ကြစဉ် မြန်မာ့မြေပြင်တွင် ကျဆုံးသွားခဲ့သော ဂျပန်စစ်သည်များအကြောင်းအား ဂျပန်နိုင်ငံသား မစ္စတာ မွတ်ဆူမီ ဆာကာဂူချီနှင့် မစ္စတာဆူမီကို ဆာကာဂူချီတို့သည် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ၎င်းတို့၏ နေရပ်ဖြစ်သော ဂျပန်နိုင်ငံ၊ ဖူကူအိုကာ၊ ကာဟိုခရိုင်၊ ကိုင်တာ-ချို၊ ကူချီဟာရာ မှနေ၍ ဝမ်းနည်းဂုဏ်ပြုလွှာနှင့် မှတ်တမ်းအရ မြစ်ကြီးနားမြို့တွင် စစ်သည် ၃,၄၀၀ အထိ ကျဆုံးခဲ့ကြရသည်။ ဗိုလ်ချုပ် ဂန်ဇိုး မိဇူကာမီ (Genzou Mizukami) သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ယင်းတို့မှာ စိတ်ကူးယှဉ်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ယနေ့မြေပြင်ရှိ ဗုဒ္ဓဘာသာကျောင်းများနှင့် စေတီပုထိုးများအနီးတွင် အောက်မေ့ဖွယ်ကမ္ပည်းစာများနှင့် ဂျပန်စစ်သည်များ၏ အထိမ်းအမှတ်များက သက်သေခံလျှက်ရှိခဲ့ကြသည်။ထိုအရာများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ရှုထောင့်နှစ်ရပ် ရှိနေပြန်သည်။ တစ်ဖက်တွင် ဘုရားစေတီများသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တရားဘာဝနာ ပွားများရာနှင့် ဝတ်ပြုကိုးကွယ်ရာနေရာများ ဖြစ်ကြသည့်အတွက် သေဆုံးသူများ၏ ဝိညာဉ်များနှင့် စစ်ပွဲဆိုင်ရာ ဝမ်းနည်းဖွယ် အမှတ်တရများကို ထိုနေရာများတွင် ထားရှိခြင်းသည် ဘုရားကျောင်းကန်တို့၏ မူလရည်ရွယ်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး မလေးမစားပြုရာရောက်သည်ဟု ရှုမြင်ခံရသည်။ အခြားတစ်ဖက်တွင်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်တို့၏ ဖိနှိပ်မှုကို တော်လှန်တိုက်ထုတ်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အမျိုးသားရေး ရပ်တည်ချက်ကို ဖော်ပြရာရောက်ခဲ့ပြီး၊ စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သော နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကို မကောင်းသော အနေအထားမျိုးတွင် ထားရှိစေသည်ဟု ဝေဖန်သုံးသပ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုဖြစ်ရပ်များသည် အတိတ်၏ပြယုဂ်များသာဖြစ်သည်။ယနေ့အချိန်အခါတွင်လည်း စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသည့် ဒုက္ခသည်သန်းပေါင်းများစွာ၊ မိဘမဲ့ဖြစ်ရသည့် ကလေးငယ်များနှင့် အနာဂတ် ရစရာမရှိတော့ဘဲ ရုန်းကန်နေရသူများ၏ ကိန်းဂဏန်းများသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်က အထင်အရှားပင်ဖြစ်နေပါတော့သည်။ထို့ကြောင့်သာပင် နိုင်ငံတကာသည် သံတမန်ရေးရာ စင်မြင့်များပေါ်တွင် စစ်ပွဲများချုပ်ငြိမ်းရေးကို တောင်းဆိုနေကြခြင်းပင်ဖြစ်သည်။

သို့သော် ကမ္ဘာ့ခေါင်းဆောင်များ၏ တုံ့ပြန်ဆောင်ရွက်မှုများသည် လက်တွေ့မြေပြင်မှ ဆိုးရွားလှသည့် အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် လုံလောက်မှု မရှိသေးဘဲ အပြန်အလှန် စွပ်စွဲမှုများနှင့် စစ်ရေးပြိုင်ဆိုင်မှုများသာ ဆက်လက် မြင့်မားလျှက်ရှိနေကြသည်။ လက်ရှိဖြစ်ပေါ်နေသော ဤကဲ့သို့သော အလွန်အမင်း ဆိုးရွားလာသည့် အခြေအနေများကို ဆက်လက် ခွင့်ပြုထားမည်ဆိုပါက သမိုင်းပေးသင်ခန်းစာများကို မေ့လျော့ရာရောက်ကာ လူသားမျိုးနွယ် တစ်ရပ်လုံး ပိုမိုပြိုလဲသွားနိုင်ခြေ ရှိနေကြောင်း လေ့လာသူများက သုံးသပ်ဖော်ပြနေကြသည်။

လက်ရှိတွင် မည်သည့် နိုင်ငံရေး ရည်မှန်းချက် သို့မဟုတ် မည်သည့် ပဋိပက္ခ အကျိုးစီးပွားအတွက်မျှ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စတေးခံရမည်မဟုတ်ဘဲ အပြစ်မဲ့သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သော အကျပ်အတည်းများကို ကျော်လွှားနိုင်ရန်နှင့် ရေရှည်ခိုင်မာသော အဖြေကို ရရှိရန်အတွက် လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချက်ချင်း ရပ်တန့်ကြရန် လိုအပ်နေပြီဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးကို လိုလားသူ အားလုံးက လက်နက်များကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးကို တညီတညွတ်တည်း တောင်းဆိုနေကြရမည်သာဖြစ်တော့သည်။

Related News

Most Read