Homeပြည်တွင်းသတင်းမိုးကုတ်မှာ မိုးသည်းလို့ မြေထိန်းနံရံပြိုကျ၊ နေအိမ် ၂ လုံး ပျက်စီးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မိုးကုတ်မှာ မိုးသည်းလို့ မြေထိန်းနံရံပြိုကျ၊ နေအိမ် ၂ လုံး ပျက်စီးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ပန်းမရပ်ကွက်၊ ပတ္တမြားသျှိုရပ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေထိန်းနံရံတစ်ခု ပြိုကျပြီး နေအိမ် ၂ လုံး ပျက်စီးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

မြေထိန်းနံရံပြိုကျမှု ဖြစ်ပွားပြီးနောက် အနောက်ပိုင်းအရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနဲ့ လောကဟိတအသင်းတို့ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော မိုးရာသီကာလအတွင်း မိုးကုတ်မြို့အပါအဝင် တောင်ပေါ်ဒေသအများစုမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မြေပြိုမှု၊ မြေထိန်းနံရံပြိုကျမှုနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

တောင်စောင်းတွေ၊ မြေထိန်းနံရံတွေနဲ့ မြေသားမခိုင်မာတဲ့ နေရာတွေအနီး နေထိုင်သူတွေအနေနဲ့ မြေသားအက်ကွဲတာ၊ သစ်ပင်နဲ့ ဓာတ်တိုင်တွေ တိမ်းစောင်းလာတာ၊ ရေစိမ့်ထွက်လာတာစတဲ့ မြေပြိုနိုင်တဲ့ လက္ခဏာတွေကို အမြဲစောင့်ကြည့်ပြီး လိုအပ်ရင် လုံခြုံတဲ့နေရာကို ကြိုတင်ရွှေ့ပြောင်းဖို့ တိုက်တွန်းထားပါတယ်။

ဩဂုတ်လအတွင်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အပါအဝင် ပဲခူး၊ သီပေါနဲ့ ဖားကန့်မြို့နယ်တို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး နောက်ထပ်ဖြစ်ပွားနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

Related News

Most Read