Homeအထူးသတင်းဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အမြန်ပြန်ပို့မယ့် စည်းမျဉ်းမူကြမ်း ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အမြန်ပြန်ပို့မယ့် စည်းမျဉ်းမူကြမ်း ထိုင်းအစိုးရအဖွဲ့ အတည်ပြု

၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံအတွင်း ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံကနေ ပိုမိုမြန်ဆန်စွာ ပြန်ပို့နိုင်ဖို့ ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းမူကြမ်းအသစ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။

ဒုတိယဝန်ကြီးချုပ် ပါကွန် နီလ်ပရာပန့်က တင်ပြခဲ့တဲ့ ဝန်ကြီးချုပ်ရုံး ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းမူကြမ်းကို ဇူလိုင် ၁၄ ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးရေးအတွက် ဌာနပေါင်းစုံလိုက်နာရမယ့် တစုတစည်းတည်းသော အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်း မရှိသေးတာကြောင့် နိုင်ငံခြားသားတွေကို ပြန်ပို့တဲ့လုပ်ငန်းစဉ် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။

စည်းမျဉ်းမူကြမ်းအရ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်သူ ဒါမှမဟုတ် နေထိုင်ခွင့်သက်တမ်းကျော်လွန်သူ၊ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်သူ၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေကို ချိုးဖောက်သူနဲ့ အစိုးရစာရွက်စာတမ်းတွေ အတုပြုလုပ်သူ ဒါမှမဟုတ် စာရွက်စာတမ်းအတုအသုံးပြုသူတွေကို ပြည်နှင်ဒဏ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ဒဏ်သုံးနှစ်နဲ့အထက် ချမှတ်နိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ အထက်ပါပြစ်မှုတွေမှာ အဓိကကျူးလွန်သူ၊ စေခိုင်းသူ၊ အားပေးကူညီသူ ဒါမှမဟုတ် ပူးပေါင်းပါဝင်သူတွေကိုလည်း အမြန်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ ထည့်သွင်းထားပါတယ်။

နိုင်ငံခြားသားအကျဉ်းသားတဦး ပြန်လည်လွတ်မြောက်ခါနီးမှာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဲဒီလူရဲ့ အမည်၊ နိုင်ငံသားဖြစ်မှု၊ အမှုတွဲနဲ့ ဆက်စပ်အချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ ပေးပို့ရမှာပါ။

အမှုအချက်အလက်တွေကို ပြည်ထဲရေးဝန်ကြီးထံ ဆက်လက်တင်ပြပြီး ပြည်ထဲရေးဝန်ကြီးက ပြည်နှင်ဒဏ်ပေးရေးအမိန့် ထုတ်ပြန်သင့်၊ မသင့်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ချက်တခုခုနဲ့ ကိုက်ညီရုံနဲ့ အလိုအလျောက်ပြန်ပို့မှာမဟုတ်ဘဲ အမှုတခုချင်းစီကို စိစစ်ဆုံးဖြတ်သွားမှာပါ။

ပြည်နှင်ဒဏ်ပေးခံရသူကို မူရင်းနိုင်ငံဆီ ပြန်ပို့မှာဖြစ်ပြီး နိုင်ငံသားဖြစ်မှုကို မသတ်မှတ်နိုင်ရင် ထိုင်းနိုင်ငံမဝင်ခင် နောက်ဆုံးနေထိုင်ခဲ့တယ်လို့ ကာယကံရှင်က ပြောဆိုထားတဲ့ နိုင်ငံဆီ ပြန်ပို့နိုင်တယ်လို့ စည်းမျဉ်းမူကြမ်းမှာ ဖော်ပြထားပါတယ်။

တတိယနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတခုက လက်ခံလိုရင် သံတမန်လမ်းကြောင်းကနေ တောင်းဆိုရမှာဖြစ်ပြီး ကာယကံရှင်ရဲ့ စာဖြင့်ရေးသားထားတဲ့ သဘောတူညီချက်နဲ့ ကုန်ကျစရိတ်အားလုံးကို လက်ခံမယ့်ဘက်က ပေးဆောင်ရမှာဖြစ်ပါတယ်။

အခုစည်းမျဉ်းဟာ တရားဝင်အထောက်အထားနဲ့ နေထိုင်အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအားလုံးကို အစုလိုက်အပြုံလိုက် ပြန်ပို့မယ့်အစီအစဉ် မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်သက်တမ်းကျော်လွန်နေသူ၊ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်နေသူနဲ့ စာရွက်စာတမ်းအတု အသုံးပြုသူတွေအပေါ် အရေးယူပြီး ပြန်ပို့ရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာနိုင်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မကြာသေးခင်က နေထိုင်ခွင့်သက်တမ်းကျော်လွန်သူနဲ့ တရားမဝင်အလုပ်လုပ်သူ ၁၄,၁၆၁ ဦးကို ဖမ်းဆီးပြီး ပြန်ပို့ရေးလုပ်ငန်းစဉ် ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related News

Most Read