၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
မန္တလေးမြို့က Sky Villa ကွန်ဒို ငလျင်ကြောင့်ပြိုကျပြီး လူ ၂၀၆ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို စစ်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။
အမည်ပျက်စာရင်းသွင်းခံထားရတဲ့ ကုမ္ပဏီတွေကတော့၊NTL Construction Company၊ Depawaddy Construction Company၊ CES Constructure Engineering Services Company တို့ဖြစ်ပါတယ်။
အဲဒီကုမ္ပဏီသုံးခုနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို Sky Villa ကွန်ဒိုပြိုကျမှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ဆက်နွှယ်ပြီး ဇွန် ၁၉ ရက်ကတည်းက အမည်ပျက်စာရင်း သွင်းထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါပေမဲ့ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေရဲ့ အမည်တွေနဲ့ ကုမ္ပဏီတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်အသေးစိတ်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။
Sky Villa ဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ပေါ်မှာရှိတဲ့ ၁၁ ထပ်အမြင့် ကွန်ဒိုအဆောက်အအုံဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့် စစ်ကိုင်းငလျင်အတွင်း ပြိုကျခဲ့တာပါ။
အဆောက်အအုံရဲ့ အပိုင်းအများစုဟာ ထပ်တွေအလိုက် တခုပေါ်တခု ပြိုကျခဲ့ပြီး လူ ၂၀၆ ဦး သေဆုံးခဲ့တာကြောင့် အဲဒီငလျင်အတွင်း အဆောက်အအုံတခုတည်းမှာ လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တခု ဖြစ်ခဲ့ပါတယ်။ အပျက်အစီးတွေအောက်ကနေ လူ ၅၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
Sky Villa ကို တည်ဆောက်ခဲ့တဲ့ NTL Construction Company ပိုင်ရှင်နဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ထွန်းလင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အောင်မြေသာစံမြို့နယ်တရားရုံးက ဇွန် ၂၃ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် အယူခံအဆင့်မှာ နောက်ထပ် ထောင်ဒဏ် နှစ်နှစ် တိုးမြှင့်ချမှတ်လိုက်တာကြောင့် ဦးနိုင်ထွန်းလင်းဟာ လက်ရှိမှာ စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ခုနစ်နှစ် ကျခံရတော့မှာဖြစ်ပါတယ်။


