Homeပြည်တွင်းသတင်းနိုင်ငံတဝန်း မြစ်ရေတွေ ဆက်မြင့်တက်လာနိုင်လို့ မြစ်ကမ်းနားဒေသတွေ သတိထားဖို့ မိုးဇလ အသိပေး

နိုင်ငံတဝန်း မြစ်ရေတွေ ဆက်မြင့်တက်လာနိုင်လို့ မြစ်ကမ်းနားဒေသတွေ သတိထားဖို့ မိုးဇလ အသိပေး

၂၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

နိုင်ငံတဝန်း ယခု ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံက မြစ်ကြီးအများစုရဲ့ ရေမှတ်တွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ အခြားမြစ်တွေမှာ လက်ရှိရေမှတ်ထက် ထပ်မံမြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းနားမှာ နေထိုင်သူတွေအနေနဲ့ သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေကလည်း အားအသင့်အတင့်ကနေ အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

မိုးရွာသွန်းမှုအနေနဲ့ ရန်ကုန်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ပုံမှန်ထက် မိုးနည်းနိုင်ပေမယ့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကယား၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာတော့ ပုံမှန်အတိုင်း မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ၈ ရက်ကနေ ၁၀ ရက်ခန့်အထိ မိုးရွာနိုင်ပြီး တခြားဒေသအချို့မှာလည်း ၅ ရက်ကနေ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မြစ်ရေအခြေအနေအရ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်အပြင် မြစ်သာ၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ပဲခူး၊ သောင်ရင်းနဲ့ ဘီးလင်းမြစ်တွေမှာလည်း ရေမှတ်တွေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီး နေထိုင်သူတွေနဲ့ ရေကြီးနိုင်တဲ့ဒေသတွေက ပြည်သူတွေအနေနဲ့ မိုးလေဝသသတင်းနဲ့ မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ထားဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

Related News

Most Read