၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အရက်မူးပြီး နေအိမ်ပြန်လာချိန် အိမ်ရှေ့ရေမြောင်းတံတားပေါ်ကနေ လိမ့်ကျရာက ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဒီကနေ့ ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သတင်းရရှိလို့ လူမှုကူညီရေးအဖွဲ့ သွားရောက်ချိန်မှာတော့ ရေမြောင်းဘေးကို ဆွဲတင်ထားပြီးသား ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ပေါ်တော်မူကျေးရွာနေ အသက် ၄၄ နှစ်အရွယ် ဦးအောင်မြင့်စိုး ဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းက အတည်ပြုပြောပါတယ်။
ဒေသခံတစ်ဦးကတော့ “သူ လိမ့်ကျသွားတာကို ဘယ်သူမှ မမြင်လိုက်ဘူး။ လမ်းသွားနေတဲ့ လူတစ်ဦးက တွေ့လို့ ချက်ချင်းဆွဲတင်ခဲ့တာ။ ဒါပေမယ့် အသက်မရှိတော့ဘူး” လို့ New Day Myanmar ကို ပြောပါတယ်။
လတ်တလော သေဆုံးသူရဲ့ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးခဲ့ပြီး၊ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်အရ အဆုတ်ထဲ ရေဝင်ရောက်ခဲ့တာကြောင့် ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ အတည်ပြုထားကြောင်း သိရပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို နေအိမ်ကို ပြန်လည်ပို့ဆောင်ထားပြီး ဇူလိုင် ၁၆ ရက်မှာ ကျောက်တန်းသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သင်္ခါရ လူမှုကူညီရေးနှင့် နာရေးကူညီမှုအသင်း


