၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးအသင့်အတင့်ကနေ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်တာကြောင့် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ မြစ်ကြီးနားမြို့ မိုးလေဝသဦးစီးဌာန တာဝန်ခံ ဦးနိုင်လင်းထွေးက ခန့်မှန်းထားပါတယ်။
အထူးသဖြင့် ဧရာဝတီမြစ်အထက်ပိုင်းဖြစ်တဲ့ မေခနဲ့ မလိခမြစ်ဝှမ်းဒေသတွေမှာ မိုးများနေတဲ့အတွက် မြစ်ကြီးနားမြို့အနီး ဧရာဝတီမြစ်ရေဟာ ဆက်လက်တက်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ပထမဆယ်ရက်အကုန်နဲ့ ဒုတိယဆယ်ရက်အတွင်း မြစ်ကြီးနားမြစ်ရေဟာ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း မြစ်ကြီးနားမြစ်ရေဟာ အတက်အကျ ၆ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြို့တွေမှာ ရေခံအားများနေပြီဖြစ်တာကြောင့် နောက်ထပ်မြစ်ရေတက်လာပါက စိုးရိမ်ရေအမှတ်နီးလာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ သတိပေးထားပါတယ်။
လက်ရှိ ကချင်ပြည်နယ်နဲ့ မြစ်အထက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် ကနဦးခန့်မှန်းချက်အရ မြစ်ကြီးနားမြစ်ရေအဝင်ဟာ ၁၆ ပေကျော်အထိ ရှိလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေအရ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို မရောက်ရှိသေးဘူးလို့ ခန့်မှန်းထားပါတယ်။
ဇူလိုင်လအတွင်း လက်ရှိမြင့်တက်နေတဲ့ မြစ်ရေဟာ တတိယအကြိမ် မြစ်ရေတက်လာတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းကနေ ညပိုင်းအထိ မြစ်ရေအဝင် စုစုပေါင်း ၂၁၈ စင်တီမီတာခန့်၊ ၇ ပေဝန်းကျင်အထိ မြင့်တက်လာခဲ့ကာ ဆက်လက်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရိုးတလျှောက်ရှိ မြို့တွေမှာ ယခင်မြစ်ရေအခြေအနေတွေကြောင့် ရေခံရှိနေပြီးဖြစ်တဲ့အတွက် နောက်ထပ်မြစ်ရေတက်လာပါက စိုးရိမ်ရေအမှတ်တွေကို ရောက်ရှိလာနိုင်တာကြောင့် သတိထားစောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။
လတ်တလောမှာတော့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြို့တွေမှာ မြစ်ရေတက်နှုန်း အနည်းငယ်နှေးလာနိုင်ပြီး ခဏတာ ပြန်ကျနိုင်ပေမယ့် နောက်ပိုင်းမှာ ပြန်လည်မြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
မြစ်ရိုးတလျှောက်ရှိ မြို့အသီးသီးအတွက် မြစ်ရေခန့်မှန်းချက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ဧရာဝတီမြစ်ရေအခြေအနေကို ၂၄ နာရီ စောင့်ကြည့်ကာ ထူးခြားမှုရှိလာပါက အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ မြစ်ကြီးနားမြို့ မိုးလေဝသဦးစီးဌာနဘက်က အသိပေးထားပါတယ်။
မြစ်ရိုးတလျှောက် နေထိုင်သူတွေအနေနဲ့ မြစ်ရေအခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး ရေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေ၊ လှေယာဉ်နဲ့ ကမ်းနားလုပ်ငန်းလုပ်ကိုင်သူတွေ၊ စိုက်ပျိုးရေးနဲ့ ကျွဲနွားမွေးမြူရေးလုပ်ကိုင်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။


